လဲလှယ်သူများနဲ့ ဘဏ်တွေမှာစည်ကားလျှက်ရှိခဲ့ပါတယ်။

ရန်ကုန်မှာ ဗိုလ်ချုပ်ပုံပါ (၁၀၀၀)တန် ငွေစက္ကူများ စတင်လဲလှယ်ပေးတဲ့ ဒီကနေ့ဇန်နဝါရီလ(၇)ရက်နေ့မှာပဲ မြန်မာ့စီးပွားရေးဘဏ်ကို လာရောက်လဲလှယ်တဲ့သူ များပြားတာကြောင့် နောက်ပိုင်းမှာတစ်ယောက်ကို တစ်ရွက်နှုန်းသာလဲလှယ်ပေးနိုင်ပါတော့တယ်။

ဗဟိုဘဏ်က တစ်ဘဏ်ကို သန်း(၄၀)ချပေးထားတာဖြစ်ပြီး ဘယ်ကာလအထိဆိုပြီး သတ်မှတ်မပေးထားတာကြောင့် ဘဏ်ကတာဝန်ရှိသူတွေက အားလုံးလည်းလဲလှယ်နိုင်အောင် အဆင်ပြေသလို လဲလှယ်ပေးလျှက်ရှိပါတယ်။

“ ဘဏ်တွေကိုချပေးထားတဲ့ငွေကလည်း အကန့်အသတ်လေ။ ညွှန်ကြားချက်ကတော့ (၇)ရက်နေ့မှပဲ စဝေရမယ်ဆိုပြီး ညွှန်ကြားထားတာ။ တစ်ယောက်ကို ဘယ်နှစ်ရွက်ဆိုပြီးတော့မပြောထားဘူး။ ကိုယ်တွေက လာရောက်လဲလှယ်တဲ့သူတွေလည်းအဆင်ပြေအောင်ဆိုပြီး လူဦးရေပေါ်မူတည်ပြီးလဲပေးတာ။ လူကတော့ ဒီနေ့မှာတင် အရမ်းများတယ်။ အစက အမတို့က တစ်ယောက်ကို (၅)ရွက်လဲပေးတယ်။ လူများလာတော့ (၃)ရွက်ဆိုပြီး သတ်မှတ်လိုက်တယ်။ နောက်ဆုံးဘယ်လိုမှမနိုင်တော့လို့ အခု တစ်ယောက်ကို တစ်ရွက်နှုန်းပဲလဲလှယ်ပေးနိုင်တော့တယ်” လို့ ကမာရွတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ လက်ထောက်မန်နေဂျာ ဒေါ်ခင်မာလာက Duwun ကိုပြောပါတယ်။

ပြည်သူတွေအနေနဲ့ကလည်း ဗိုလ်ချုပ်ပုံပါတဲ့ (၁၀၀၀)ကျပ်တန် ငွေစက္ကူတွေကို သိန်းနဲ့ချီလဲလှယ်ဖို့ရည်ရွယ်ထားပေမယ့် လိုသလောက်လဲလှယ်ခွင့်မရရှိခဲ့ကြပါဘူး။

“ နှစ်သစ်လည်းဖြစ်တယ်။ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံလည်းထွက်တော့ အမှတ်တရအနေနဲ့လဲဖို့လာတာ။ တကူးတကလာလဲတာပါ။ ကျွန်တော်က (၂)သိန်းလဲဖို့ဆိုပြီးလာတာ။ ဒီရောက်တော့ တစ်ယောက်မှတစ်ရွက်ပဲရတယ်။ တစ်ရွက်ဆိုတော့လည်းတစ်ရွက်ပေါ့။ ပထ်မဆုံးရက်မှာ မြင်တော့မြင်လိုက်ရတာတော့။ နောက်ပိုင်းမှာတော့ များများလဲလို့ရရင်ပိုကောင်းမယ်” လို့ ပိုက်ဆံလာလဲတဲ့ ဘုရင့်နောင်မှ ကိုမျိုးမင်းသန်းကပြောပါတယ်။

ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန် ငွေစက္ကူက အရောင်အားဖြင့် အပြာရောင်ဖြစ်ပြီး အရွယ်အစားမှာ အလျား (၁၅၀)မီလီမီတာနဲ့ အနံ (၇၀)မီလီမီတာ ရှိပါတယ်။ ငွေစက္ကူ ပုံစံသစ်ရဲ့ မျက်နှာစာဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါရှိပြီး ကျောဘက်မှာတော့ လွှတ်တော် အဆောက်အအုံပုံပါရှိတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။



ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ (၁၀၀၀)တန်ငွေစက္ကူ ပုံစံသစ်ကိုတော့ ဒီနေ့ကစပြီး ဘဏ်များမှာ ဖြန့်ဝေပေးလျှက်ရှိပြီး လက်ရှိသုံးစွဲနေသော (၁၀၀၀)တန် ငွေစက္ကူများကလည်း တရားဝင်ငွေအဖြစ် ဆက်လက်ရပ်တည်နေမှာလည်းဖြစ်ပါတယ်။ စတင်လဲလှယ်ပေးတဲ့ ဒီကနေ့ ဇန်နဝါရီလ (၇)ရက်နေ့မှာဘဲအမြို့မြို့အနယ်နယ်တိုင်းက မြန်မာ့စီးပွားရေးဘဏ်တွေမှာ လာရောက်လဲလှယ်တဲ့သူတွေနဲ့ စည်ကားလျှက်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က