photo- MOI
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လက်ရှိအချိန်ထိ သံသယလူနာမတွေ့ရှိထားသလို တွေ့ရှိလာပါကလည်း အချိန်မီဆေးကုသမှုတွေပေးနိုင်ရန် ဝေဘာဂီဆေးရုံကြီးမှာ ပြင်ဆင်မှုများပြုလုပ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နာဝါရီ (၂၄)ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသံသယရှိသူတစ်ဦးတွေ့ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အဆိုပါလူနာအမျိုးသမီးက သာမန်အဖျားရောဂါဖြစ်ပြီး ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ သံသယလက္ခဏာတောင် မတွေ့ရှိရဘူးဆိုပြီး တာဝန်ရှိသူတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ထားပြီလည်းဖြစ်ပါတယ်။
“ လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားတဲ့လူနာမရှိသေးပါဘူး။ သံသယလူနာတောင် မရှိပါဘူး။ လူနာရှိလာရင်လည်း ကုသပေးဖို့ ဝေဘာဘီဆေးရုံမှာလည်း ပြင်ဆင်ထားပြီးဖြစ်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားကြောင်းကိုလည်း MOI က ဒီကနေ့သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ဆေးရုံတွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူလူနာနဲ့ သံသယဖြစ်ဖွယ်လူနာရောက်ရှိလာပါကလည်း ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဌာနကိုအချိန်မီဆက်သွယ်သတင်းပို့ဖို့နဲ့ ဝေဘာဂီဆေးရုံကြီးကို အမြန်ပို့ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကိုရိုရာဗိုင်းရပ်စ်ပိုးဟာ တရုတ်အပြင် တခြားနိုင်ငံပေါင်း (၁၃)နိုင်ငံထိ ရောဂါကူးဆက်ခံရတဲ့ လူနာတွေတွေ့ရှိနေရပြီး ကူးစက်ခံရသူလူနာပေါင်းက (၁၃၅၀)ကျော်ထိမြင့်တက်လာကာ သေဆုံးသူ (၅၀)ကျော်ထိရှိလာပါပြီ။ သေဆုံးခဲ့သူတွေကတော့ တရုတ်နိုင်ငံတစ်နိုင်ငံတည်းကသာဖြစ်တယ်လို့သိရပါတယ်။