မေလ(၁၅)ရက်နေ့နောက်ပိုင်းကစပြီး ရန်ကုန်မှာ စားသောက်ဆိုင်တွေကို ပြန်ဖွင့်လှစ်ခွင့်ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေနဲ့ ဘားတွေကိုတော့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုအုံးမှာ မဟုတ်ဘဲ အခြေခံလူတန်းစာတွေရဲ့ စိတ်ထွက်ပေါက်ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်လိုမျိုးတွေကို ဆိုင်ထိုင်သုံးဆောင်ခွင့်တွေပြန်လည်ခွင့်ပြုမှာဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းက Duwun ကိုပြောပါတယ်။
“ အဓိကကတော့ အိမ်ထဲမှာ အကြာကြီးတင်းကြပ်နေနေရတဲ့အခါကျတော့ ငြီးငွေ့လာမှာစိုးသလို စားသောက်ဆိုင်ဝန်ထမ်းတွေအတွက်လည်း အလုပ်လက်မဲ့မဖြစ်အောင်ပါ။ ပြည်သူတွေက ဆိုင်ထိုင်ပြီး စားလို့ရမယ့် စားသောက်ဆိုင်လိုမျိုးတွေကို စည်းကမ်းချက်တွေအညီ ဖွင့်လှစ်ခွင့်ပေးမှာပါ။ ဘယ်လိုသတ်မှတ်ချက်နဲ့ ဖွင့်လှစ်ရမယ်ဆိုတာ တိုင်းအစိုးရက ထုတ်ပြန်ပါလိမ့်မယ်။ ပြန်ဖွင့်ခွင့်ပေးထားပြီး လိုက်နာမှုမရှိတဲ့ဆိုင်တွေကိုတော့ အရေးယူမှုတွေလုပ်ဆောင်သွားမှာပါ” လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မှာ semi lock down လုပ်ထားတဲ့ မြို့နယ်(၁၀)ခုထဲက လူနာထပ်မံမတွေ့ရှိရတော့တဲ့ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ဗိုလ်တစ်ထောင်မြို့နယ်မှာလည်း ကန့်သတ်ချက်တွေကို ဖြေလျော့ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်က COVID 19 ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး မေလ(၁၅)ရက်နေ့ထိ အကျုံးဝင်တဲ့ ညွှန်ကြားချက်တစ်ခုကို ကနဦးထုတ်ပြန်ထားခဲ့ပြီး ယခုအခါမှာထုတ်ပြန်ချက်အသစ်တစ်ခုကိုမေလ(၁၅)ရက်မတိုင်ခင်မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်အသစ်မှာတော့ စားသောက်ဆိုင်တွေပြန်လည်ဖွင့်ခွင့်ပေးမယ့် ကိစ္စတွေပါဝင်လာမှာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများနဲ့ တာဝန်ရှိသူများပါဝင်တဲ့ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ရာမှာ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။