ရန်ကုန်မြို့မှာ ဧပြီလ ၂၃ရက် ကနေ မေလ ၁၄ရက်နေ့အထိ ညမထွက်ရ ဥပဒေဖောက်ဖျက်မှုကြောင့် ဖမ်းဆီးအရေးယူမှု (၁၅၆) မှုရှိပြီး (၄၀၃) ဦးကို ပြစ်ဒဏ်ချမှတ်ထားတယ်လို့ ရန်ကုန်တိုင်း မှုခင်းစာရင်းဌာန အချက်အလက်အရသိရပါတယ်။
အဆိုပါ ၄၀၃ ဦးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လိုအပ်ချက်အရ ထုတ်ပြန်တဲ့ဒေသန္တအမိန့် အရ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့ပြီး သက်ဆိုင်ရာမြို့နယ်တရားရုံးတွေက အလုပ်နဲ့ထောင်ဒဏ် တစ်လအမိန့်ချမှတ်ကာ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ မှုခင်းစာရင်းဌာန မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။
“ ကျွန်တော်တို့က အလုပ်ကိစ္စ အကြောင်းပြချက် ခိုင်လုံတယ်၊ ထောက်ခံချက်ပါတယ်ဆိုရင်တော့ ခွင့်ပြုပေးပါတယ်။ဒါပေမယ့် အကြောင်းပြချက် မခိုင်လုံဘဲ အပြင်ထွက်တာမျိုးဆိုရင်တော့ မရပါဘူး။ အဓိကက ထွေအုပ်က ဖမ်းတယ်။ ညဘက်ဖမ်းတယ်ဆိုရင် မနက်ဘက် တရားရုံးကိုပို့တာပါ။” လို့ အဆိုပါ ရဲအရာရှိက ပြောပါတယ်။
ဖမ်းဆီးခဲ့တဲ့မြို့နယ်တွေကတော့ မင်္ဂလာတောင်ညွှန့်၊ အင်းစိန်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ ကျောက်တန်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ သုံးခွ၊ တိုက်ကြီး၊ ဆိတ်ကြီးခနောင်တို၊ ခရမ်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ကော့မှူးစတဲ့မြို့နယ်တွေဖြစ်ပါတယ်။
ဒီလို ညမထွက်ရအမိန့်ရှိနေပေမယ့်လည်း ရံဖန်ရံခါမှာ မိသားစုအရေးပေါ်ကိစ္စ၊ အလုပ်ကိစ္စတွေကြောင့် လမ်းပေါ်ကို ခေတ္တခဏထွက်လာသူတွေပါ ဖမ်းဆီးအရေးယူခံရမှုတွေရှိနေပြီး အလုပ်နဲ့ ထောင်ဒဏ် တစ်လချမှတ်လိုက်တာက မျှတမှုမရှိဘူးလို့ ဖမ်းဆီးခံရသူအချို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
“ ကျွန်မမောင်လေးက ရုံးမှာပဲ နေနေတာပေါ့။ တစ်ရက် သူက ည၁၀ နာရီ ၁၀ မိနစ်လောက်ကျော်သွားတဲ့အချိန်မှာ ရုံးအပြင်ဘက်ကို ခဏထွက်လိုက်တယ်။ အဲဒီမှာ ရဲက ရောက်လာပြီးတော့ ခေါ်သွားတယ်။ တာမွေရဲစခန်းမှာ တစ်ညအိပ်ပြီး မနက်ရောက်တော့ တရားရုံးမှာ တစ်လ အမိန့်ချလိုက်ပါတယ်။ ကျွန်မတို့ မိသားစုဝင်တွေလည်း မတွေ့ရဘူး။ ပြစ်ဒဏ် ချတာဆိုပေမယ့် အလုပ်နဲ့ ထောင်ဒဏ်တစ်လဆိုတာက များလွန်းတယ်။ ဒီပြစ်ဒဏ်ကို တစ်ပတ်၊ ဆယ်ရက်လောက်ဖြစ်ဖြစ် လျှော့စေချင်ပါတယ်” လို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ အစ်မတော်စပ်သူ မသီတာက ပြောပြပါတယ်။
ဒါ့အပြင် မေလ ၁၃ ရက်က နေ စတင်ပြီး ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ နှာခေါင်းစည်းမပါဘဲ အပြင်ထွက်လာသူတွေကို ဒဏ်ငွေ ၅၀၀၀ ဒဏ်ကြေးကောက်ခဲ့ရာမှာ မေလ ၁၄ ရက်နေ့အထိ အမှုပေါင်း ၁၇၉ မှုရှိခဲ့ပြီး လူဦးရေ ၂၈၀ ကို ဒဏ်ကြေးကောက်ခံခဲ့တယ်လို့လည်းသိရပါတယ်။