လမ်းလျှောက်သင်္ကြန်တွေက မြန်မာ့ရိုးရာဓလေ့ကို ဖော်ညွှန်းထားပါတယ်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော်မှာ ရန်ကုန်မြို့မှာ လမ်းလျှောက်သင်္ကြန် ငါးခု ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီလမ်းလျှောသ်သင်္ကြန် ငါးခုကို လာရောက်လည်ပတ် ရေကစားကြမယ့်သူတွေအတွက် ထူးထူးခြားခြားအစီအစဉ်တွေ၊ ပျော်စရာကောင်းတဲ့အစီအစဉ်တွေ အကြောင်းကို Duwun ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

(၁) အင်းလျားလမ်း လမ်းလျှောက်သင်္ကြန်

အင်းလျားလမ်း လမ်းလျှောက်သင်္ကြန်က ယခုနှစ်မှ ပထမဆုံး အကြိမ် ကျင်းပတဲ့ လမ်းလျှောက်သင်္ကြန်ဖြစ်ပြီး အင်းလျားလမ်း ပြည်လမ်းထိပ်မှ တက္ကသိုလ်ရိပ်သာလမ်းအထိ ကျင်းပမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုတွေကို သိရှိစေဖို့ လမ်းတစ်လျှောက်မှာ တိုင်းရင်းသား (၈) မျိုးရဲ့ ရိုးရာ မဏ္ဍပ်တွေကို ဆောက်လုပ်ထားတာပါ။



ဒါ့အပြင် မြန်မာ့ရိုးရာ အတာသင်္ကြန်ဓေ့လ့အတိုင်း နံ့သာရေနဲ့ ပက်ဖြန်းတာ၊ သင်္ကြန်အလှပြယာဉ်တွေနဲ့ လှည့်လည် ဖျော်ဖြေတာတွေလည်း ရှိပါတယ်။ လှည်းယာဉ်တွေ၊ ဆိုက်ကားယာဉ်တွေနဲ့ အရင်ခေတ် အတာသင်္ကြန်ရဲ့ အရသာကို ခံစားရစေမှာပါ။

(၂) မြကျွန်းသာ လမ်းလျှောက်သင်္ကြန်

မြကျွန်းသာ လမ်းလျှောက်သင်္ကြန်ကလည်း ယခုနှစ်မှာမှ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတာဖြစ်ပါတယ်။ ကမ္ဘာအေးဘုရားလမ်းပေါ်က မြကျွန်းသာ ပန်းခြံအတွင်း ၈ ဧက လောက်ကျယ်ဝန်းတဲ့ မြေကွက်လက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

နာမည်ကြီးတေးသံရှင်တွေ၊ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ စတုဒီသာကျွေးမွေးတဲ့အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ရေကစားမဏ္ဍပ်ငယ်တွေ၊ရခိုင်ရိုးရာ လောင်းလှေနဲ့ ရေပက်ဖို့စီစဉ်ထားသလို သကြန်သင်္ကေတအရုပ်တွေကို အလှဆင်ထားပါတယ်။

(၃) ဦးဥတ္တမပန်းခြံ လမ်းလျှောက်သင်္ကြန်

ပန်းခြံဝင်းအတွင်းက Happy World ကစားကွင်းနားမှာ ကျင်းပတာပါ။ လမ်းလျှောက်သင်္ကြန်တစ်လျှောက်မှာ ရောင်စုံထီးလေးတွေနဲ့ အလှဆင်ထားပြီး မိသားစုနဲ့ လာရောက်လည်ပတ်လို့ရအောင် ကလေးတွေအတွက် ပျော့ပျော့အိအိ ကစားကွင်းရှိပါတယ်။ ၇ မိုင်ကမ်းခြေ ရေကစားမဏ္ဍပ်၊ နံ့သာသွေးမဏ္ဍပ် တွေနဲ့ သင်္ကြန်ပစ္စည်းအရောင်းဆိုင်တွေရှိပါတယ်။

(၄) ကန်တော်ကြီး လမ်းလျှောက်သင်္ကြန်

(Western Park) စားသောက်ဆိုင် အရှေ့နား၊ ဆင်ဖြူရုပ်တွေ အနီးမှာ ကျင်းပသွားမှာပါ။ တီးဝိုင်းနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ရေပက်မဏ္ဍပ်ငယ်တွေမှာ ရိုးရာဓလေ့ ရေဖလားနဲ့ ပက်လို့ရပါတယ်။ ရေလာကစားတဲ့သူတွေ အပန်းဖြေလို့ရအောင် ထီးတွေ မိုးပေးထားပြီး စတုဒီသာတွေ၊ ဈေးဆိုင်တွေ ရှိပါတယ်။

(၅) မဟာဗန္ဒုလပန်းခြံလမ်းက လမ်းလျှောက်သင်္ကြန်

မဟာဗန္ဒုလပန်းခြံလမ်းဘေးတစ်လျှောက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရေပုံးတွေနဲ့ ရေပက်လို့ရတဲ့ ရေကစားမဏ္ဍပ်ငယ်တွေ၊ ရေပန်းတွေနဲ့ ဆော့ကစားလို့ရအောင် စီစဉ်ပေးထားပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေလည်းရှိပြီး စတုဒီသာ ကျွေးမွေးတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က