ဒီကနေ့ မတ်လ ၃၁ ရက် က ကျင်းပတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲအတွက် နိုင်ငံတော်သမ္မတ က တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မဂ္ဂင်လမ်းရှိ ခြင်းလုံရုံ မဲရုံ အမှတ် (၃) မှာ လာရောက်မဲပေးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၃၁ ရက် မနက်ပိုင်းက လာရောက်မဲပေးခဲ့တာဖြစ်ပြီး နိုင်ငံတော်သမ္မတအပါအဝင် ဇနီးနဲ့ သမီးဖြစ်သူတို့ပါ မဲပေးခဲ့ကြတာပါ။
အဆိုပါ မဲရုံအမှတ် (၃)မှာ မဲပေးခွင့်ရှိသူပေါင်း (၁၃၀၀) ကျော်ရှိပြီး တာမွေတစ်မြို့နယ်လုံးမှာ မဲပေးခွင့်ရှိသူမှာ ၉ သောင်းကျော် ရှိတယ်လို့သိရပါတယ်။
“ သမ္မတကြီးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တုန်းက သူ့ရဲ့ မဲဆန္ဒနယ်က တာမွေမြို့နယ်ဖြစ်တယ်။ သမ္မတကြီးနေတာကလည်း ကျားကွက်သစ်ရပ်ကွက်မှာ ဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ မဲရုံ (၃) မှာ လာရောက်မဲပေးရခြင်းဖြစ်ပါတယ်။ “ ကျားကွက်သစ်ရပ်ကွက် စည်ပင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးထွန်းကြည် က Duwun ကိုပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲမှာ မဲပေးမည့် မဲဆန္ဒရှင်တစ်ဦးအနေနဲ ရန်ကုန်မြို့မှာ ခြောက်လအထက်နေထိုင်သူ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမှာာဖြစ်ပြီး့ မတ်လ ၃၁ ရက် မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်း မဲပေးရမှာ ဖြစ်ပါတယ်။
မဲပေးရာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အဖွဲ့ဝင် (၁) ၊ မြို့နယ်အဖွဲ့ဝင် (၂) စုစုပေါင်း ၄ ဦးကို ရွေးချယ်ပြီး မဲပပေးရတာ ဖြစ်ပါတယ်။
“ ကိုယ့်ရဲ့ရပ်ရွာအေးချမ်းသာယာရေးအတွက် မဲပေးခဲ့တာပါ။ လူမှန်နေရာမှန်ရအောင်ပါ။ မော်တော်ကားကြပ်တာ၊ လမ်းဘေးဈေးသည်တွေကြောင့် စိတ်ညစ်ရတယ်။ ဒါတွေကို ပြန်လည်ရှင်းလင်းပေးစေချင်ပါတယ်။” လို့ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မှာ နေထိုင်သူ ဒေါ်တင်တင်ရီက Duwun ကိုပြောပါတယ်။
ကိုယ်စားလှယ်တွေကို ရွေးချယ်ရာမှာ မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ၆ ဦး စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ် အတွက် မြို့နယ် တစ်ခုချင်းစီအလိုက် ဥက္ကဌ နေရာ၊ မြို့နယ်အလိုက် အဖွဲ့ဝင် (၁) နေရာ၊ မြို့နယ်အလိုက် အဖွဲ့ဝင် (၂) နေရာ စုစုပေါင်း ၁၀၅ ဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်။
လက်ရှိတော့ စည်ပင်သာယာရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေအပါအဝင် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ထားတာဖြစ်ပါတယ်။
Share