နိုင်ငံခြားသားတွေကိုလည်း ဝင်ခွင့်ပေးမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်ခန်းမကို အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အများပြည်သူအတွက် အခမ်းအနားတွေပြုလုပ်နိုင်တဲ့ နေရာတစ်ခုအဖြစ် ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။



ရန်ကုန်မြို့တော်ခန်းမဟာ လက်ရှိမှာ ရန်ကုန်မြို့တော်ဝန်နဲ့ စည်ပင်ယာသာရေးကော်မတီရဲ့ ရုံးခန်းတွေရှိတဲ့နေရာဖြစ်ပြီး အများပြည်သူသွားလာနိုင်တဲ့နေရာအဖြစ် သတ်မှတ်ထားတာ မဟုတ်ပါဘူး။ စည်ပင်သာယာရေးကော်မတီအနေနဲ့လည်း ရန်ကုန်စည်ပင် နယ်နမိတ်အတွင်းမှာရှိနေတဲ့ လူဦးရေ ၇ သန်းလောက်ကို စီမံခန့်ခွဲပေးနေရတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေများလာပြီး နေရာမလုံလောက်မှုတွေကြောင့် ၄၆ လမ်းမှာလည်း ရုံးတစ်ခုဖွင့်ထားရပါတယ်။

ရန်ကုန်မြို့တော်ခန်းမဟာ ရန်ကုန်မြို့လည်ခေါင် ဆူးလေဘုရားနားမှာရှိတာကြောင့် အများပြည်သူ ဝင်ထွက်သွားလာနိုင်တဲ့နေရာ ပြုလုပ်မှာဖြစ်သလို နိုင်ငံခြားသားတွေကိုလည်း နှုန်းထားတစ်ခုကောက်ခံပြီး ဝင်ခွင့်ပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လက်ရှိမြို့တော်ခန်းမထဲမှာရှိနေတဲ့ ရုံးတွေကိုတော့ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ လေမှုတ်စက်ရုံဝင်းထဲကို ပြောင်းရွေ့ဖို့စီစဉ်နေတယ်လို့သိရပါတယ်။

"တစ်ချို့တွေကလည်း ရန်ကုန်မြို့လည်မှာ ကားကျပ်ရတာ ရန်ကုန်မြို့တော်ခန်းမမှာ ရုံးတွေဖွင့်ထားလို့ ဆိုပြီးပြောတာတွေရှိပါတယ်။ မြို့တော်ခန်းမကို အများပြည်သူ အခမ်းအနားတွေ ကျင်းပနိုင်တဲ့နေရာဖြစ်ဖို့အတွက် လုပ်ဆောင်ဖို့ မြို့တော်ဝန်ကြီးနဲ့ ဝန်ကြီးချုပ်က ဆန္ဒရှိနေပါတယ်။"လို့ ဒေါ်လှိုင်မော်ဦးကပြောပါတယ်။ လက်ရှိမှာတော့ လေမှုတ်စက်ရုံဝင်းထဲမှာ တည်ဆောက်မယ့်မှတ်တမ်းရုံးကို ဘယ်လိုပုံစံနဲ့ ဘယ်လောက်အရွယ်အစားဆောက်မယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က