အဆိုပါ မြေအောက်လူကူးတံတားကို နိုင်ငံတကာအဆင့်မီဆောက်လုပ်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စိတ်ချလက်ချ အသုံးပြုသွားလာလို့ ရတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်(၇) ဦးဝင်းမြင့်သန်းကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံးဆောက်လုပ်တဲ့ မြေအောက်လူကူးလမ်းကိုတော့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ပညာရေးတက္ကသိုလ်ရှေ့မှာ ဆောက်လုပ်လျှက်ရှိပါတယ်။ အဆိုပါ မြေအောက်လမ်းတည်ဆောက်မှုဟာ နိုင်ငံတကာအဆင့်မီပုံစံတည်ဆောက်မှာဖြစ်ပြီး မြေငလျင်ဒဏ်ကအစ အားလုံးတွက်ချက်ပြီး သေချာဆောင်ရွက်ထားတယ်လို့ လစဉ်ပြုလုပ်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။
“ တချို့ပြောနေကြသလို အခု မြေအောက်လူကူးလမ်းက မြေငလျင်ဒဏ်ခံနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေရှိပါတယ်။ ကျွန်တော်တို့ မြေငလျင်ဒဏ်နဲ့ ပတ်သက်ပြီး အားလုံးကိုတွက်ချက်ပြီးမှ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ အားလုံး စိတ်ချ လက်ချနဲ့ အသုံးပြုလို့ရအောင် နိုင်ငံတကာအဆင့်မီ တည်ဆောက်နေတာဖြစ်ပါတယ်။ အရေးပေါ်မီးစက်တွေလည်းထားရှိသွားမယ်၊ အထဲမှာလည်း လေထုညစ်ညမ်းမှုကအစ အားလုံးစီစဉ်ပြီးသားမလို့ ပြည်သူတွေအနေနဲ့ စိတ်ချလက်ချ သွားလာလို့ရပါတယ်”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်(၇) ဦးဝင်းမြင့်သန်းက မီဒီယာတွေကိုပြောပါတယ်။
နိုင်ငံတကာရဲ့ မြေအောက်လူကူးတံတားတွေမှာ ဈေးဆိုင်တွေမပါပေမယ့် အခု လုပ်ဆောင်နေတဲ့ မြေအောက်လူကူးတံတားမှာတော့ ဈေးဆိုင်တွေထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ပြည်သူအားလုံးရဲ့ လုံခြုံရေးအရကော၊ မဟုတ်တာလုပ်တဲ့သူတွေလည်းမရှိအောင် အခုလို ဈေးဆိုင်တွေထည့်သွင်းသွားမှာဖြစ်တယ်လို့ ဦးဝင်းမြင့်သန်းကပြောပါတယ်။
မြေအောက်လမ်းရဲ့ အမြင့်ပေက (၁၀)ပေရှိပြီး သာမန်လူတွေအပြင် မသန်စွမ်းတွေပါသွားလာလို့ရအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ လုပ်ငန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ရာ (၂၁)ရက်နေ့ကစလို့ လမ်းလွှဲတွေကို ဆောင်ရွက်တော့မှာလည်းဖြစ်ပါတယ်။ ကုန်ကျငွေကိုတော့ (၂.၁၅) ဘီလီယံအကုန်အကျခံဆောက်လုပ်သွားမယ်လို့ သိရပါတယ်။