ရန်ကုန်မြို့က မည်သည့်ဘုံဘိုင်ကိုမဆို ဖွင့်လိုက်တာနှင့် သောက်သုံးလို့ရနိုင်အောင်ရည်ရွယ်ပြီး ရေသန့်စင်တဲ့ နည်းပညာကို ဂျပန်နိုင်ငံ အကူအညီပေးမယ်လို့ သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၇) ရက် က ရန်ကုန်မြို့တော်ခန်းမမှာ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့နဲ့ ရန်ကုန်မြို့အကြားမှာ ရေပေးဝေရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲကျင်းပခဲ့ပါတယ်။
အဆိုပါ လက်မှတ်ရေးထိုးပွဲမှာ ရန်ကုန်မြို့ရဲ့ ရေပေးဝေရေးစနစ်နဲ့ ပတ်သက်ပြီး ရေသန့်စင်တဲ့နည်းပညာကို ဂျပန်နိုင်ငံ ဖူကူအိုကာမြို့က အကူအညီပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
“ရေသန့်စင်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မယ်။ နောင်တစ်ချိန်မှာ ရေသန့်ဝယ်ယူစရာမလိုတော့ဘဲ ရန်ကုန်မြို့တော်သူမြို့တော်သားတွေက ရေဘုံဘိုင်တွေကို ဖွင့်လိုက်တာနဲ့ အလွန်သန့်စင်ပြီး သောက်သုံးနိုင်တဲ့ အဆင့်ရှိတဲ့ ရေတွေကို ရနိုင်ဖို့ ကျွန်တော်တို့ ဆက်လက်အကူအညီပေးသွားမယ်” လို့ ဖူကူအိုကာမြို့တော်ဝန် Mr. Soichiro Takashima က ပြောပါတယ်။
လက်ရှိရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေနဲ့ကတော့ ရေပေးဝေရေးစနစ်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိက ကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးဖို့ စီစဉ်နေပြီး အဲဒီလို လွှဲပြောင်းတာကို မြို့နယ်၊ ရပ်ကွက်အလိုက်စမ်းသပ်ဆောင်ရွက်မည် ဖြစ်တယ်လို့ အပတ်စဉ်မီဒီယာရှင်းလင်းပွဲတစ်ခုမှာ မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားထားဖူးပါတယ်။
လက်ရှိရန်ကုန်မြို့ရဲ့ ရေပေးဝေမှုစနစ်နဲ့ လမ်းဘေးရေနုတ်မြောင်းစနစ်ကို ၂၀၁၂ ခုနှစ်မှစတင်ကာ ဖူကူအိုကာမြို့တော်က အကူအညီတွေ ပေးအပ်ခဲ့တာပါ။
ရန်ကုန်မြို့နဲ့ ဖူကူအိုကာမြို့တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ကာ ညီအစ်မမြို့တော်တွေ အဖြစ် သတ်မှတ်ခဲပြီး ရန်ကုန်မြို့ရဲ့ ရေကြီးမှု ထိန်းချုပ်ရေးနဲ့ အမှိုက်စနစ်တကျစွန့်ပစ်မှုတွေကို နည်းပညာအကူအညီတွေ ပေးခဲ့တယ်လို့သိရပါတယ်။