ရန်ကုန်မြို့ရဲ့ လက်ရှိလေထုညစ်ညမ်းမှုဟာ သာမန်ထက်ပိုနေပေမယ့် ကျန်းမာရေးထိခိုက်မှုတော့ မရှိဘူးလို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့ရဲ့ လေထုအခြေအနေကို ရန်ကုန် (ကမ္ဘာအေး)စခန်းကနေ တိုင်းတာခဲ့ရာမှာ ဖေဖော်ဝါရီ (၇) ရက်ကနေ ဖေဖော်ဝါရီ (၁၃) ရက်အထိ လေထုအရည်အသွေးအညွှန်းကိန်းမှာ ၅၁ ကနေ ၁၀၀ ကြား (အလယ်အလတ်) အဆင့် ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
“ သာမန်ထက် အနည်းငယ်ပိုတဲ့ အနေအထားပဲရှိပါတယ်။ လူတွေ အန္တရာယ်ဖြစ်လောက်တဲ့အနေအထားတော့ မရှိပါဘူး။ အခုက အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး။ “ လို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။
လက်ရှိ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး Air Quality ရန်ကုန်အဖွဲ့ကလည်း တိုင်းတာထားပြီး အဆိုပါ အဖွဲ့ရဲ့ တိုင်းတာချက်အရ ရန်ကုန်မြို့မှာ မနက်တိုင်းနီးပါး လေထုညစ်ညမ်းမှုမှာ ကျန်းမာရေးထိခိုက်နိုင်တဲ့ အနီရောင်အဆင့်ရှိနေတယ်လို့ သိရပါတယ်။
လေထုအညွှန်းကိန်းတိုင်းတာရာမှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ stationary စနစ်နဲ့ တစ်ရက်လုံးစာကို တိုင်းတာထားတာဖြစ်ပြီး Air Quality ရန်ကုန်အဖွဲ့ကတော့ အချိန်ပိုင်းအလိုက် မိုဘိုင်းစနစ်နဲ့ တိုင်းတာတာကြောင့် ကွာခြားမှုတော့ ရှိနိုင်တယ်လို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ရှင်းပြပါတယ်။
“ တိုင်းတဲ့နေရာ၊ တိုင်းတဲ့အချိန်ပေါ် မူတည်တာပေါ့။ ကားတွေ အများဆုံးသွားလာတဲ့အချိန်၊ လူတွေထူထပ်တဲ့နေရာမှာ တိုင်းလိုက်ရင်တော့ လေထုညစ်ညမ်းမှု အညွန်းကိန်းက ပိုမြင့်သွားတာပေါ့။ အချိန်ပိုင်းလောက်တိုင်းတာရုံနဲ့ ကျန်းမာရေးကို ထိခိုက်သွားစေနိုင်လားဆိုတာကတော့ နည်းနည်းတော့ ပြောရခက်တယ်။ ကျွန်တော်တို့တိုင်းတာကတော့ Stationary စခန်းမှာ တစ်ရက်စာလုံးကို တိုင်းတာထားတာပါ။ သူတို့တိုင်းတာက မိုဘိုင်းနဲ့ သွားတာ။ ကျွန်တော်တို့က Stationary စနစ်နဲ့ တိုင်းတာပါ။ “ လို့ ဦးကျော်မိုးဦးက ဆိုပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာလူပေါင်း ၄၅၀၀၀ ခန့် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။