ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို လက်ရှိဆောင်ရွက်လျက်ရှိရာ ရေကူးနှင့် ပုဇွန်တောင်ဘူတာအကြားရှိ ရထားလမ်းကူးအချို့ကို ယာယီပိတ်ခြင်းနဲ့ ကားလမ်းတစ်ခြမ်းပိတ်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားကနေ သိရပါတယ်။
ဩဂုတ်လ (၁၈)ရက်နေ့ကနေ စက်တင်ဘာလ (၁၁)ရက်နေ့အထိ ယာယီပိတ်ထားမှာလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့ ခရီးသွားပြည်သူတွေတွေသိအောင်လည်း တရားဝင်ထုတ်ပြန်ထားပါတယ်။ ဩဂုတ်လ (၁၈)ရက်နေ့ကစပြီး ရေကူးဘူတာအနီးရှိ ဂန္ဓမာလမ်းကို ကားလမ်းတစ်ခြမ်းပိတ်၊ တစ်ခြမ်းဖွင့်စနစ် ထားရှိပြီးတော့ ရထားလမ်း အဆင့်မြင့်တင်ရေးလုပ်ငန်းကို ဆောင်ရွက်သွားမယ်။ အချိန်ကာလကတော့ တစ်လနီးပါးလောက်ကြာမြင့်နိုင်တယ်။ နောက်ထပ်လည်း သူ့လမ်းပိုင်းအလိုက် သတ်မှတ်ရက်တွေမှာ လမ်းပြုပြင်ခြင်းလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ”လို့ မြန်မာ့မီးရထား ခရီးသွားလာရေး လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က Duwun ကိုပြောပါတယ်။
ရထားလမ်းပြုပြင်ရေးလုပ်ငန်းတွေကို ရေကူးဘူတာအနီးကနေ စတင်ဆောင်ရွက်မှာဖြစ်ပြီး ကံဘဲ့ဘူတာအနီးရှိ သစ္စာလမ်းကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့အထိ၊ဘောက်ထော်ဘူတာအနီးရှိ အောင်ဇေယျလမ်းကိုတော့ သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့ထိ ကားလမ်းတွေကို တစ်လမ်းပိတ်စနစ်နဲ့ ပြုပြင်သွားမှာပါ။
လမ်းပိုင်းပြုပြင်ရေးအပိုင်းမှာ သံလမ်းပိုင်းတွေ၊ ရထားတာဘောင်ပိုင်းတွေနဲ့ ကျောက်ခင်းခြင်းလုပ်ငန်းတွေနဲ့ လိုအပ်တဲ့အပိုင်းတွေမှာ တောင့်တင်းကြံခိုင်မှုတွေရှိအောင် အကုန်ပြုပြင်သွားမယ်လို့သိရပါတယ်။ ရန်ကုန်မြို့ မြို့ပတ်ရထားကို ပုံမှန်အားဖြင့် တစ်နေ့ကို ခရီးသည် (၉)သောင်းကျော်စီးနင်းလျှက်ရှိပြီး ကိုဗစ်ကာလအတွင်းမှာတော့ ခရီးသည်စီးနှင်းမှုက (၃) ပုံ (၂)ပုံကျဆင်းကာ တစ်နေ့ကို ခရီးသည် ၃သောင်းဝန်းကျင်ခန့်သာ စီးနှင်းလျှက်ရှိတယ်လို့ သိရပါတယ်။