ရန်ကုန်ကငလျင်ကြောနဲ့ (၃၅)ကီလိုမီတာလောက်သာဝေးတာကြောင့် အန္တရာယ်အဆောက်အအုံတွေနဲ့ပတ်သက်ပြီး သတိထားဖို့လိုတယ်၊ ပြင်ဆင်ဖို့လိုတယ်၊ သို့သော်လည်းပဲ တအား စိုးရိမ်ဖို့တော့မလိုဘူးလို့ မြို့တော်စည်ပင် အင်ဂျီနီယာဌာနမှ ဌာနမှူး ဦးတင်မောင်ကြည်ကပြောပါတယ်။
ရန်ကုန်မြို့ရှိအန္တရာယ်အဆောက်အအုံများကို ဂရုစိုက်ဖို့လိုအပ်လျှက်ရှိပြီး တအားကြီးကြောက်ဖို့မလိုကြာင်း ရန်ကုန်မြို့တော်စည်ပင်မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။စက်တင်ဘာလ(၂)ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ မြို့တော်စည်ပင်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
“ အန္တရာယ်ရှိအဆောက်အအုံများနဲ့ ပတ်သက်ပြီး ဆောင်ရွက်လျှက်တော့ရှိပါတယ်။ အချက်အလက်တွေစုပြီး ပြင်ဆင်နိုင်တဲ့အဆင့်ပဲရှိသေးတယ်။ ဒါဟာ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရမှာ ဖြစ်လို့ ဘယ်တော့အပြီးဆောင်ရွက်နိုင်မလဲဆိုတာကတော့ ပြောဖို့ခက်တယ်။ ငလျင်ဆိုတာကကြိုတင်ခန့်မှန်းလို့ရတဲ့အရာမဟုတ်ဘူး။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ကြောဆိုတာရှိတယ်။ ရန်ကုန်ကလည်း ငလျင်ကြောနဲ့ (၃၅) ကီလိုမီတာလောက်ပဲဝေးတယ်။အဲတော့ ရန်ကုန်က အန္တရာယ်အဆောက်အအုံတွေနဲ့ပတ်သက်ပြီး သတိထားဖို့လိုတယ်၊ ပြင်ဆင်ဖို့လိုတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့အနေနဲ့ စိုးရိမ်လွန်ဖို့မလိုပါဘူး” လို့ မြို့တော်စည်ပင် အင်ဂျီနီယာဌာနမှ ဌာနမှူး ဦးတင်မောင်ကြည်က မီဒီယာတွေကိုပြောပါတယ်။
ရန်ကုန်မြို့က လူနေထူထပ်ရုံမက တိုက်တာအဆောက်အအုံပေါများလျှက်ရှိပြီး အဆိုပါတိုက်တာအဆောက်အအုံတွေထဲမှာလည်းရှေးနှစ်ပေါင်းများစွာထဲကတည်ဆောက်ထားတဲ့ အဆောက်အအုံတွေလည်းပါဝင်နေပြီး အန္တရာယ်ရှိအဆောက်အအုံတွေလည်းရှိနေပါတယ်။ ရန်ကုန်ဟာ အဓိက ငလျင်ကြောနဲ့ နီးစပ်နေတာကြောင့် အန္တရာယ်ရှိအဆောက်အအုံတွေကို အထူးဂရုပြုဖို့လိုအပ်လှပါတယ်။