ရန်ကုန်မှာ ခရီးသွားကဏ္ဍ တိုးတက်စေဖို့ တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၄ ရက်က ကျင်းပတဲ့ Yangon Weekend Market ဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
Photo- National Races Village
ရန်ကုန်မြို့ကိုလာရုံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ ဓလေ့ထုံးတမ်းတွေ အကြောင်းကို လေ့လာနိုင်အောင်ရည်ရွယ်ပြီး တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်တည်ဆောက်သွားမယ်ဆိုပြီး ဝန်ကြီးချုပ်က ပြောပါတယ်။
“တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို မြင်ရမှာ ဖြစ်သလို တိုင်းရင်းသားတွေရဲ့ ရိုးရာ လက်မူပစ္စည်းတွေကိုလည်း လွယ်လွယ်ကူကူ ဒီနေရာမှာပဲ ဝယ်ယူနိုင်ပါတယ်။ ရိုးရာ အစားအသောက်တွေကိုလည်း ဒီနေရာမှာပဲ မြည်းစမ်းနိုင်မှာဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
တိုင်းရင်းသားကျေးရွာကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ တည်းခိုနိုင်အောင်လည်း စီစဉ်ပေးသွားမှာ ဖြစ်သလို ပဲခူးမြစ်ကို မျက်နှာမူပြီး လမ်းလျှောက် အပန်းဖြေနိုင်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
“ ဒီနေရာမှာ စတူဒီယိုတွေရှိမယ်။ ရုပ်ရှင်ရိုက်လို့ရမယ်။ ပြဇာတ်တွေ ကို ကြည့်ခွင့်ရမယ်ဆိုရင် လူတွေဟာ ဒီနေရာကို စိတ်ဝင်စားလာကြမယ်။ ဒါမျိုးတွေကို ကျွန်တော်တို့က ဖော်ဆောင်ရမယ်” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
အဆိုပါ တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်နိုင်ဖို့ Master Plan အတွက် ဒီဇိုင်းဆွဲထားပြီး တည်ဆောက်နိုင်ဖို့ အတွက် တင်ဒါ ခေါ်ယူသွားမယ်လို့လည်းသိရပါတယ်။ တင်ဒါ ခေါ်ယူရာမှာ ရန်ကုန်တိုင်းအစိုးရရဲ့ ကြီးကြပ်မှုနဲ့ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာန က နေ တင်ဒါခေါ်ယူသွားမှာ ဖြစ်ပြီး ဘယ်ကာလမှာ ခေါ်ယူမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ တိုင်းရင်းသားကျေးရွာကို လည်း အလွယ်တကူ သွားရောက်နိုင်သလို့ YBS ယာဉ်လိုင်း (၅) လိုင်း ပြေးဆွဲပေးနေပြီး တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ ခရီးသွားကဏ္ဍ ပိုမိုတိုးတက်လာမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။