တက္ကသိုလ် (၁၆) ခုကို ကနဦးစီမံကိန်းအနေနဲ့ စတင်ခွင့်ပြုပေးလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တက္ကသိုလ် ၁၆ ခုကို ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်တွေအဖြစ် သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်က တက္ကသိုလ်၊ဒီဂရီကောလိပ်ပေါင်း ၁၃၄ ခုရှိပြီး အခု တက္ကသိုလ် (၁၆) ခုကိုတော့ ကနဦးစီမံကိန်းအနေနဲ့ စတင်ခွင့်ပြုပေးလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

"ခု ၁၆ ကျောင်းကိုယ်ပိုင်စီမံခန့်ခွဲဖို့ရွေးလိုက်တယ်။ရွေးလိုက်တယ်ဆိုတာကလည်း ဒီတက္ကသိုလ်တွေက infrastructure လည်းပြည့်စုံတယ်။ ဆရာ၊ဆရာမလည်းပြည့်စုံတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အခြေအနေအရ တော်တော်လေးအားသာနေလို့ ဒီ (၁၆) ကျောင်းကို ကနဦးအနေနဲ့ ဖွဲ့စည်းပုံတွေပြင်ဆင်ဖို့ အထက်အဆင့်ဆင့်ကိုတင်ပြတယ်။ အခုဖွဲ့စည်းပုံကျလာပြီးတော့ တက္ကသိုလ်တွေကို စီမံခန့်ခွဲခွင့်ပေးလိုက်တာပါ” လို့ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီဖြစ်တဲ့ တက္ကသိုလ်တွေဟာ ဆရာ၊ဆရာမ ရာထူးတိုးဆောင်ရွက်ခြင်း၊ ဆရာ၊ဆရာမ နယ်အပြောင်းအရွှေ့ကိစ္စရပ်တွေကိုလည်း လိုအပ်ချက်အရ စီမံခန့်ခွဲနိုင်ပြီး အဆင့်မြင့်ပညာဦးစီးဌာနထံ တင်ပြစရာမလိုတော့ဘူးလို့ သိရပါတယ်။

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိပြီဖြစ်ပေမယ့် ဒီတိုင်းလုပ်လို့မရသေးဘူး။ တက္ကသိုလ်ရဲ့ charter ဆိုတာ ရေးဆွဲရမယ်။ ဒီ charter အရ တက္ကသိုလ်မှာပါချုပ်ကို ဘယ်လို election နဲ့ရွေးမယ်။ ဒုချုပ်ကို election နဲ့ရွေးမှ ပါမောက္ခဌာနမှူးelection ဖြစ်လာမှာပေါ။"လို့ ဒေါက်တာသိန်းဝင်းက ပြောပါတယ် ။

ယခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်တဲ့ တက္ကသိုလ် ၁၆ ခုကတော့ ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်တက္ကသိုလ်၊ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ရန်ကုန်ပညာရေးတက္ကသိုလ်၊ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန် သတင်းအချက်အလက်၊ နည်းပညာတက္ကသိုလ် ပါဝင်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာတော့ မန္တလေးတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ် ၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်၊ မန္တလေး သတင်း အချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ မန္တလေးအဝေးသင် တက္ကသိုလ် နဲ့ စစ်ကိုင်းတိုင်းမှာတော့ စစ်ကိုင်းတက္ကသိုလ်တို့ ပါဝင်ပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က