အွန်လိုင်းမဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေလည်း ထိခိုက်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ ၂၁ရက် မနက် ၈ နာရီကနေ စတင်သက်ရောက်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များအားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ) နေအိမ်တွင်နေထိုင်ရေး (stay at home ) အမိန့်ကြောင့် နိုင်ငံရေးပါတီတွေရဲ့ မြေပြင်မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်အားလုံးကို ရပ်နားလိုက်ရပြီလို့ သိရပါတယ် ။

ဒီလိုရပ်နားလိုက်ရတဲ့အပြင် အမိန့်ထုတ်ပြန်ချက်မှာပါဝင်တဲ့ ကန့်သတ်ချက်တွေကြောင့် အွန်လိုင်းမဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကိုပါ လုပ်ကိုင်ဖို့အခက်တွေ့လာတဲ့ အနေအထားရှိနေတယ်လို့လည်း ပြည်သူ့ရှေ့ဆောင်ပါတီဒုဥက္ကဌ ဦးကျော်ဇေယျက Duwun ကို ပြောပါတယ် ။



"ကိုယ်စားလှယ်လောင်းတွေရိုက်ကူးရေးကို ရုံးချုပ်မှာရိုက်တာကိုး မဲဆွယ်ဖို့က ။ နောက်ပြီး CEC တွေ ၊ ပညာရှင်အဖွဲ့တွေ ရိုက်ကူးရေးလုပ်မှာ ။ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်တွေကို တစ်ချက်ချင်းရိုက်ပြပြီး ပြည်သူလူထုဆီ ရှင်းပြတာလုပ်မှာ။ အဲဒါအခု ရိုက်ကူးရေးတွေက ရပ်လိုက်ရတယ် ။ ရိုက်ကူးရေးသမားတွေကလည်း လာဖို့အဆင်မပြေတော့ဘူး။ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း ဒီအကြောင်းရှိပါတယ် PPP ပါတီ ဘာညာဆိုတာနဲ့ အထက်ကို ပြန်မေးရဦးမယ် ဘာညာလုပ်တာနဲ့ ဒီနေ့ နဲ့ မနက်ဖြန်လုပ်မယ့် ရိုက်ကူးရေးတွေက ပျက်သွားတယ် " လို့ ဦးကျော်ဇေယျက ပြောပါတယ် ။

ဓာတ်ပုံ-ကျော်ဇင်မန်း(စက်တင်ဘာလ ၁၉ရက်က PPPပါတီရဲ့ ရန်ကုန်တိုင်းအတွင်း ကားတန်းလှည့်ကာ စည်းရုံးရေးဆောင်ရွက်နေစဉ်)

လက်ရှိမှာတော့ နိုင်ငံရေးပါတီတွေက မြေပြင်မဲဆွယ်မှုတွေဖြစ်တဲ့ ယာဉ်တန်းလှည့်လည်ခြင်း ၊ ကိုယ်စားလှယ်မိတ်ဆက်ဆိုင်းဘုတ်ထူခြင်း ၊ ပါတီအောင်နိုင်ရေးရုံးဖွင့်လှစ်ခြင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေအိမ်တွင်နေထိုင်ခြင်းထုတ်ပြန်ချက်မှာပါဝင်တဲ့ အပိုဒ် ၃ (ခ)အရ ရပ်နားလိုက်ကြတာဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ရွေးကောက်ပွဲရောက်ဖို့နီးကပ်နေပြီး မဲဆွယ်စည်းရုံးရေးကာလဖြစ်တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကြေညာချက်နဲ့ပတ်သက်ပြီး ပါတီတွေကို တိကျတဲ့ လမ်းညွှန်မှုတွေပေးသင့်တယ်လို့ ပြည်သူ့ပါတီတာဝန်ရှိသူက ပြောပါတယ်။

"အခု မြေပြင်စည်းရုံးရေးတွေက ယာယီရပ်ဆိုင်းထားရတာပေါ့။ သူတို့ဥပဒေကြီးက အဲ့လိုဖြစ်နေတာကိုး။ ဒါကြောင့် ကျွန်တော်တို့က တိတိကျကျ ရွေးကောက်ပွဲကော်မရှင်က လမ်းညွှန်မှု ထုတ်ပြန်စေချင်တယ်။ဒီမဲဆွယ်တဲ့ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်တဲ့အမိန့်တွေကထွက်နေတယ် ။ ရွေးကောက်ပွဲကော်မရှင်က စည်းရုံးရေးလုပ်ရမယ့်ဟာကို တစ်လကြိုတင်ပြီး အစီအစဉ်တင်ပြခိုင်းထားပြီး သူတို့ခွင့်ပြုချက်နဲ့အညီ ကိုယ်စားလှယ်လောင်းတွေက လုပ်ရတယ် ။ အခု ကြေညာချက်က ကန့်သတ်လိုက်တဲ့အတွက် ဒီဟာတွေက မလုပ်ရတော့ဘူးဆိုတာ အလိုအလျောက်ဖြစ်သွားတယ်လို့ပဲ ကိုယ့်ဘာသာ နားလည်လိုက်ရတယ်" လို့ ပြည်သူ့ပါတီ စည်းရုံးရေးတာဝန်ခံ ဦးကျော်လင်းက Duwun ကို ပြောပါတယ် ။

ဓာတ်ပုံ-ကျော်ဇင်မန်း(စက်တင်ဘာလ ၁၄ရက်က ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ရန်ကုန်တိုင်းအောင်နိုင်ရေးရုံးဖွင့်ပွဲ နဲ့ ကိုယ်စားလှယ်မိတ်ဆက်ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ်နေစဉ်)

လက်ရှိကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပါတီတွေက မဲဆွယ်စည်းရုံးမှုတွေကို ရပ်နားရမှာဖြစ်သလို ဒစ်ဂျစ်တယ်မဲဆွယ်မှုတွေက ဗဟိုအခြေပြုစနစ်နဲ့ပဲလုပ်ဆောင်နိုင်တာဖြစ်ပြီး မြို့နယ်အလိုက်မဲဆွယ်မှုလုပ်ဆောင်ဖို့မဖြစ်နိုင်တာကြောင့် ထိရောက်မှုအားနည်းနေမယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ် ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ covid 19 ကာလ နိုင်ငံရေးပါတီများမဲဆွယ်မှုနဲ့ပတ်သက်ပြီး စက်တင်ဘာလ (၇)ရက်က ထုတ်ပြန်ရာမှာတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ဒေသန္တရအမိန့်ညွှန်ကြားချက် များကိုလိုက်နာရန် ၊  Stay at home သတ်မှတ်ချက်မှာ ပါဝင်တဲ့ မြို့နယ်တွေမှာ လှည့်လည်မဲဆွယ်ခြင်းမပြုရန် ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က