ရန်ကုန်တိုင်းအတွင်း COVID-19 ကူးစက်ခံရသူ အယောက် ၇၆ ထိ ရှိလာခဲ့ပြီးတဲ့နောက်မှာတော့ ရောဂါပိုးပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းကလွဲပြီး မြို့နယ်တိုင်းကို ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ညက စတင်ကာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ ပြည်သူလူထုရဲ့ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး နဲ့ အသက်အန္တရာယ်ကို ပါ ထိခိုက်လာနိုင်စေတဲ့အတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ညမထွက်ရ အမိန့်စာတစ်စောင်ကို ထုတ်ပြန်လာပါတယ်။ ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းမှအပ မြို့နယ်တိုင်းကို ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့က စတင်ပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီ အထိ ဘယ်မှ မထွက်ရဆိုတဲ့ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
"ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ကိုကိုးကျွန်းမပါတဲ့ ကျန်တဲ့ မြို့နယ်တွေ အကုန်လုံး ရန်ကုန်တိုင်းတစ်တိုင်းလုံးကို ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်တာကတော့ ထွေအုပ်အဆင့်ဆင့်ကိုပဲ ထုတ်ပြန်တာဆိုတော့ မလိုက်နာရင် ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲဆိုတာတော့ မသိရသေးဘူး၊ ထွေအုပ်ရဲ့ သဘောတရားကတော့ ခရိုင်ကနေ မြို့နယ်၊ မြို့နယ်ကနေ ရပ်ကွက်အထိ တစ်လမ်းဝင် တစ်လမ်းထွက် မိုက်နဲ့ အော်တာမျိုးတွေ လုပ်ကြမှာပေါ့" လို့ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကို ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ဗိုလ်တထောင် ၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့် ၊ အလုံ၊ စမ်းချောင်း ၊ ဗဟန်း၊ မင်္ဂလာဒုံ ၊ တာမေွ၊ မရမ်းကုန်း ၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ ၊ လှည်းကူး ၊ ရွှေပြည်သာ ၊ ပန်းဘဲတန်း၊ ပုဇွန်တောင် ၊ တောင်ဒဂုံ စတဲ့ မြို့နယ် ၁၇ ခုမှာ ရောဂါပိုးတွေ့ရှိလူနာပေါင်းဟာ အယောက် ၇၆ ရှိနေပြီဖြစ်ကာ သေဆုံးသူဟာ ၄ဦးရှိနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာပေါင်း ၉၄ ဦး ရှိနေပြီဖြစ်ပြီး အဲဒီထဲကမှ အယောက် ၇၆ ဟာ ရန်ကုန်တိုင်းအတွင်းက ဖြစ်နေပါတယ်။ ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ မနက် ၈နာရီက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ရောဂါပိုးတွေ့လူနာ ၉၄ဦးရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၅ဦး ရှိနေပြီဖြစ်ကာ ပြန်လည်ကောင်းမွန်သူ ၅ ဦးရှိနေပြီဖြစ်ကြောင်း သိရပါတယ်။