"Covid19ကြောင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေကို ပိတ်သိမ်းဖို့ မြို့တော်စည်ပင်က မတ်လ၂၈ရက်နေ့ကစပြီးညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။ ဆိုင်တွေကို ပိတ်သိမ်းပြီး တချို့ဆိုင်တွေအနေနဲ့ ပါဆယ်စနစ်နဲ့သာရောင်းချကြဖို့ကို မြို့တော်စည်ပင်အနေနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီးဖြစ်တယ်" လို့ ရန်ကုန်မြို့တော်စည်ပင် ဒုတိယညွှန်ကြားရေးမှူး ဦးလှမင်းက Duwun ကို ပြောပါတယ်။
COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် လူစုလူဝေးဖြစ်မှုကို လျှော့ချဖို့ နဲ့ ရောဂါပိုးကူးစက်မှုကို လျှော့ချဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ စားသောက်ဆိုင်တွေကို ပိတ်ခိုင်းထားပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြဖို့ တိုင်းဒေသကြီး အစိုးရကတဆင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေထံ ညွှန်ကြားချက်စာ ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီကနေ့ ကစလို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စားသောက်ဆိုင်တွေအနေနဲ့ ပါဆယ်စနစ်ကို စတင်ရောင်းချနေကြပြီလို့ သိရပါတယ်။
"ကန်လမ်း ၉ရပ်ကွက် တစ်ခုလုံးက ဆိုင်တွေကတော့ မနေ့ကစပြီး ပါဆယ်ဆွဲခိုင်းတော့တယ်။ ဆိုင်တွေကို
ပိတ်ခိုင်းတာတော့ မဟုတ်ပါဘူး၊ ပါဆယ်ဆွဲစနစ်နဲ့ ရောင်းချခိုင်းတာပါ။ ကွမ်းယာဆိုင်တွေကိုတော့ လောလောဆယ်မှာ ယာယီပိတ်ခိုင်းထားတာမျိုး လုပ်ခိုင်းထားပါတယ်။" လို့ လှိုင်မြို့နယ် ကန်လမ်း ၉ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုရန်နိုင်က Duwun ကို ပြောပါတယ်။
ကြည့်မြင်တိုင်မြို့နယ်အတွင်းမှာလည်း ပါဆယ်ဆွဲ စနစ်ကိုသာ ကျင့်သုံးနေကြပြီး ဖြစ်တယ်လို့ ကြည့်မြင်တိုင် သရက်တောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော် က Duwun ကို ပြောပါတယ်။
"အဓိကကတော့ လက်ဖက်ရည်ဆိုင်ပေါ့၊ ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင် နဲ့ စားသောက်ဆိုင်တွေကို ပါဆယ် စနစ်နဲ့ ရောင်းခိုင်းတာပါ၊ ဒီဘက်က စားသောက်ဆိုင်တွေကလည်း လိုက်နာကြပါတယ်။ ဆိုင်တွေမှာ လူတွေ ထိုင်မစားကြတော့ဘဲ ပါဆယ်စနစ်နဲ့ပဲ ရောင်းချကြပါတယ်။"
COVID-19 ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်ဖို့အတွက် ရန်ကုန်တိုင်းမှာတော့ ယနေ့ကစတင်ပြီး ပါဆယ်စနစ်ကို စတင်ကျင့်သုံးလာတာဖြစ်ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး နဲ့ မကွေးတိုင်းဒေသကြီးတွေမှာတော့ မတ်လ ၂၄ ရက်နေ့က စတင်ကျင့်သုံးခဲ့ကြပြီးဖြစ်တယ်လို့ သိရပါတယ်။