လတ်တလောစိုးရိမ်မှုတွေမြင့်တင်လျှက်ရှိတဲ့ Covid 19 ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ရေးအစီအစဉ်တစ်ခုအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဈေးတွေမှာ အလှည့်ကျ ပိုးသတ်ဆေးတွေဖြန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဈေးတွေမှာ ပိုးသတ်ဆေးဖြန်းသွားဖို့ အစီအစဉ်ကို ဈေးများဌာနနဲ့ သက်ဆိုင်ရာမြို့နယ်စည်ပင်ဥက္ကဌတွေက We Love Yangon အဖွဲ့နဲ့ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်တယ်လို့ We Love Yangon အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးဇော်ဝင်းခိုင်က Duwun ကိုပြောပါတယ်။
“ ကျွန်တော်တို့ အဖွဲ့ကတော့ ရန်ကုန်မြို့နေထိုင်သူ ပြည်သူလူထုအတွက် ပရဟိတအဖွဲ့တစ်ခုပါပဲ။ အခုလို Covid 19 နဲ့ ပတ်သက်ပြီး ပြည်သူတွေကျန်းမာရေးကာကွယ်မှုအနေနဲ့ ရန်ကုန်အတွင်းက အဓိကဈေးကြီးတွေမှာ အလှည့်ကျကာကွယ်ဆေးဖြန်းသွားမယ်။ အများအသုံးပြုတဲ့ Toilet လိုနေရာမျိုးတွေနဲ့ လမ်းတွေမှာဖြန်းသွားမယ်။ ဈေးပိတ်တဲ့ ရက်တွေမှာလုပ်ဆောင်သွားဖို့ရှိတယ်”လို့ ဦးဇော်ဝင်းခိုင်ကပြောပါတယ်။
ဈေးတွေမှာ ကာကွယ်ဆေးဖြန်းတဲ့အခါ စားသောက်ကုန်တန်းတွေဖြစ်တဲ့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ လုပ်ဆောင်သွားမှာမဟုတ်သလို ပိုးသတ်ဆေးကလည်း ပြင်းထန်တဲ့ ပိုးသတ်ဆေးမျိုးမဟုတ်တာကြောင့် အန္တရာယ်မရှိဘူးလို့ ဦးဇော်ဝင်းခိုင်ကပြောပါတယ်။
မတ်လ(၂၁)ရက်နေ့ကနေစတင်ပြီး ပထမဆုံးအနေနဲ့ ပုဇွန်တောင်ဈေးကြီးမှာ ကာကွယ်ဆေးဖြန်းသွားမှာလည်းဖြစ်ပါတယ်။
ဘတ်ဂျက်အနေနဲ့ကတော့ ဈေးတစ်ခုကို ဆေးဖိုးတင် (၅)သိန်းနဲ့ (၁၀) သိန်းကြားမှာရှိပြီး အခုလို ဈေးတွေမှာ ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ငန်းတွေအပြင် Covid 19 နဲ့ ပတ်သက်လို့ ပြည်သူတွေကို Public Area တွေမှာလည်း အသိပညာပေးလုပ်ငန်းတွေလုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။