ရန်ကုန်တိုင်းမှာ ဆင်မုဆိုး ၉ ဦးကို တစ်နှစ်အတွင်း ဖမ်းဆီးနိုင်ခဲ့တာပါ။

ရန်ကုန်တိုင်းကို တရားမဝင်တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို ရောင်းဝယ်ဖောက်ကားမှု ကင်းမဲ့ဇုန်အဖြစ် ဦးစားပေးဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောကြားလိုက်ပါတယ်။



ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဆင်ပြတိုက်မှ ဆင်ရုပ်တုကို တွေ့ရစဉ်။



ဖမ်းဆီးရမိတဲ့ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းတွေနဲ့ အခြားတောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေကို ဒုတိယအကြိမ် မီးရှို့ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ဆင်တွေသတ်ဖြတ်ခံရမှုတွေ လျော့နည်းအောင် သစ်တောဦးစီးဌာန ၊ တိုင်းအစိုးရအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WWF တို့နဲ့ ပူးပေါင်းပြီး တောဆင်ရိုင်းတွေကို ရေဒီယိုကော်လာ တပ်ဆင်ပေးတာ၊ လှည့်လည်တဲ့အဖွဲ့တွေမှာ GPSစက်တွေံ တပ်ဆင်ထားပြီး တောဆင်ရိုင်းတွေ သွားလာလှုပ်ရှားတဲ့နေရာတွေကို စောင့်ကြည့်နေတာကြောင့် ဆင်မုဆိုးတွေ တွေအတွက် အခွင့်အလမ်းတွေနည်းပါးသွားပြီလို့ သိရပါတယ်။

“ ရန်ကုန်တိုင်းကို ဦးစားပေးလုပ်နေတယ်။ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ လုပ်သွားမှာပါ။ ဆင်မုဆိုးတွေ ဖမ်းဆီးနိုင်အောင်လည်း ကျွန်တော်တို့က လှည်းကူး၊တိုက်ကြီးတို့လိုနေရာမျိုးတွေမှာ ဆိုင်းဘုတ်တွေ ထားထားပေးပါတယ်။ သတင်းပေးပါက သိန်း ၃၀ အထိ ချီးမြှင့်မယ်ဆိုပြီးတော့လည်း ကြေညာထားတာပါ။ ရံပုံငွေက WWF က ပေးတာပါ” လို့  ညွှန်ကြားရေးမှူးဦးသိန်းတိုးက ပြောပါတယ်။

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဆင်ပြတိုက်မှ ဆင်စွယ်ကို တွေ့ရစဉ်။

ရန်ကုန်တိုင်းအတွင်းမှာ တောဆင်ရိုင်းတွေသတ်ဖြတ်ခံရမှုမရှိတာ တစ်နှစ်နီးပါးရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဆင်မုဆိုး ၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ထောင်ချခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့တွင်း ရွှေတိဂုံဘုရားစောင်တန်းဘက်ကဈေးဆိုင်တွေ၊ ဗိုလ်ချုပ်ဈေးတွေမှာ ဆင်နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ရောင်းချခြင်းမပြုဖို့၊ သိမ်ကြီးဈေး၊ စားသောက်ဆိုင်တွေမှာ တောကောင်သားဟင်းလျာတွေရောင်းချခြင်းမပြုဖို့ ၊ လေဆိပ်၊ရေဆိပ်တွေမှာ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို သယ်ဆောင်ခြင်းမပြုဖို့ အသိပညာပေးမှုတွေ၊ သင်တန်းပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က