ဇွန်လ ၂ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် ရန်ကုန်တိုင်းလွှတ်တော်ကို တက်ရောက်ရမယ့် ကိုယ်စားလှယ်တွေအားလုံးကို Hotel Quarantine ထားရှိပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာရယူကာ COVID-19 ရောဂါပိုးရှိမရှိ ဓာတ်ခွဲစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဒီနေ့ မေလ ၂၉ ရက်ကစတင်ကာ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၈၀ ကျော်ကို ဟိုတယ်စမ်းချောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဘုရင့်နောင် စစ်ကြောရေးစခန်းတို့မှာ အသွားအလာကန့်သတ်စောင့်ကြည့်နေပြီး မနက်ဖန် မေလ ၃၀ ရက်မှာတော့ ဓာတ်ခွဲနမူနာရယူမယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့ ဒီနေ့ပဲ ဟိုတယ်ကွာရန်တင်းစနေရပါတယ်။ မနက်ဖန်တော့ ဆေးစစ်ရပါမယ်။ လွှတ်တော်ကျင်းပနေတဲ့ အတောအတွင်း ဟိုတယ်မှာပဲနေရပါမယ်” လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက Duwun ကိုပြောပါတယ်။
ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကို သွားရောက်ရမှာ စီစဉ်ပေးထားတဲ့ ကားတွေနဲ့သာ သွားရမှာဖြစ်သလို လွှတ်တော်ကျင်းပပြီးစီးတဲ့နေ့အထိ ဟိုတယ်မှာပဲ နေထိုင်ရမှာဖြစ်ပြီး ပြင်ပကို လုံးဝထွက်ခွာခွင့်ရမှာမဟုတ်ဘူးလို့လည်း တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က Duwun ကိုပြောပါတယ်။
“ လွှတ်တော်အစည်းအဝေးခန်းမမှာလည်း တစ်ခုံနဲ့ တစ်ခုံ ၆ ပေခြားပြီး Social Distancing စနစ်နဲ့ နေနိုင်အောင် ပြင်ဆင်ထားတာတွေ့ရပါတယ်။ ကျန်းမာရေးညွန်ကြားချက်တွေအတိုင်းလည်း လိုက်နာနေထိုင်ရမယ် “ လို့ ဦးမိုးမြင့်က ပြောပါတယ်။ ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ဇွန်လ ၂ ရက်ကနေ့ ဇွန်လ ၉ ရက်နေ့ အထိ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။