ရန်ကုန်တိုင်းမှာ တို့ဆေး ဖြင့် ရာဇဝတ်မှုကျူးလွန်ခြင်းမရှိကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဇွန်လ ၃ ရက်နေ့၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့မှာ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းရဲ့ " မီဒီယာတွေမှာ တို့ဆေးနဲ့ရာဇဝတ်မှုကျူးလွန်တဲ့ဖြစ်ရပ်တွေရေးသားဖော်ပြတာကိုဖတ်ရလို့ ပြည်သူလူထု ထိတ်လန့်နေတာကြောင့် တို့ဆေးဖြင့်တို့၍ ရာဇဝတ်မှု ကျူးလွန်နေကြသည်ဆိုသည်မှာ မှန်ကန်မှုရှိပါသလား၊ မှန်ကန်ပါက ပြည်သူလူထုအနေနဲ့ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့ မေးမြန်းမှု"အပေါ် လူမှုရေးဝန်ကြီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လူမှုရေးဝန်ကြီးကတော့ ရန်ကုန်တိုင်း အတွင်း တို့ဆေးတို့ပြီး လက်ဝတ်ရတနာတွေကို ချွတ်ယူသွားလို့ အမှုဖွင့်တိုင်တန်းခဲ့တာမရှိခဲ့သလို၊ တို့ဆေးအားအသုံးပြုပြီး အခြားပြစ်မှုတွေကျူးလွန်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့် အမှုဖွင့်တိုင်တန်းတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
" ပြည်သူလုထု စိုးရိမ်နေတဲ့ တို့ဆေးဖြင့်တို့ပြီး ရာဇဝတ်မှုကျူးလွန် နေဆိုသည်မှာ မှန်ကန်မှုမရှိဘူး။မှန်ကန်မှုမရှိပေမယ့် တို့ဆေးဆိုသည်မှာ ခွဲစိတ် ဆရာဝန်ကြီးတွေက လူနာခွဲစိတ်ရာမှာ နာကျင်မှုမရှိစေရန်အသုံးပြုသည့် ကက်တမင်းအမျိုးအစား ဓာတုပစ္စည်း ဖြစ်သည်ကို အကြမ်းဖျင်းသိရှိရပါတယ်။"လို့ ဦးနိုင်ငံလင်းက ဆိုပါတယ်။
လက်ရှိမှာ တို့ဆေး အသုံးပြုပြီး ရာဇဝတ်မှုကျုးလွန်တာ မရှိခဲ့ပေမယ့် အလားတူပြစ်မှုတွေ မဖြစ်အောင် လူစည်ကားရာနေရာဖြစ်တဲ့ ဘူတာရုံ၊ ရုပ်ရှင်ရုံ၊ ရေဆိပ်၊ ကားဂိတ်၊ဈေး၊ စာသင်ကျောင်းတွေမှာ မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာ ရဲစခန်းက နယ်ထိန်းတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့စောင့်ကြည့် သတင်းရယူနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်အမာခံ သတင်းပေး၊ လှည့်ကင်း၊ ရပ်ကင်း၊ဝပ်ကင်းတွေနဲ့ နယ်မြေစိုးမိုးမှု ရယူပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။