အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာပါ။

၂၀၁၅ ခုနှစ် ၊ အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်တွေအရ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်ဖြစ်စေဖို့ လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းပေးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Photo- YRG

ဒီဇင်ဘာ ၂ ရက်က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်စတင်ကြောင်း ကြေညာခြင်းအခမ်းအနားကို တက်ရောက်စဉ်မှာ ပြောကြားသွားခဲ့တာပါ။

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာတက္ကသိုလ်တွေနဲ့အတူ အကျိုးတူပူးပေါင်းရာမှာ ထိထိရောက်ရောက်ဖြစ်စေဖို့၊ ကျောင်းသားတွေ ရွှေ့ပြောင်းပညာသင်ယူရေး လွယ်ကူအောင် သင်ရိုးတွေ၊ မူဝါဒတွေကို ပြောင်းလဲသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားပါတယ်။

ဒါ့အပြင် တက္ကသိုလ်ရဲ့ ပညာရေးဆိုင်ရာ ပြောင်းလဲမှုဖြစ်တဲ့ မဟာဌာနစနစ် ထူထောင်ဖို့ သင်ရိုးညွှန်းတမ်းတွေ ပြန်လည်ဆန်းစစ်ပြီး မွမ်းမံပြင်ဆင်ဖို့၊ လိုအပ်ချက်နဲ့ အညီပြန်လည်ရေးဆွဲဖို့ လုပ်ငန်းတွေကို စီမံဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာ တက္ကသိုလ်အဆင့်မြှင့်တင်ရေး၊ ပြန်လည်မွမ်းမံမှုတွေ သေချာဆောင်ရွက်နိုင်အောင် Master Plan တစ်ခု ရေးဆွဲအကောင်အထည်ဖော်နေတယ်လို့လည်း သိရပါတယ်။

Photo- YRG

 “ ဒီနေ့ဟာ တက္ကသိုလ်အတွက်သာမက နိုင်ငံအတွက်အရေးပါတဲ့ နေ့တစ်ရပ်ဖြစ်ပါတယ်။ မြန်မာပညာရေး လောကအတွက် အရေးပါလာတဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ပွဲကို တက်ရောက်ကာ အခမ်းအနားဖွင့်လှစ်ပြီး အခုလို အမှာစကားပြောခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ဒီလို ကြုံတောင့်ကြုံခဲဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကြီးကို ဆင်ယဉ်ကျင်းပခွင့်ရတာ ကျွန်မတု့ိ အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူစရာ အခွင့်ထူးကြီးပဲ ဖြစ်ပါတယ်။” လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ (၁) ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ (၁) ရက်မှာ နှစ် (၁၀၀) ပြည့်မှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂) ရက်ကနေ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်အထိ တစ်နှစ်ပတ်လုံး ရာပြည့်အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရာပြည့်အထိမ်းအမှတ်လှုပ်ရှားမှုတွေအဖြစ် တက္ကသိုလ်နောက်ခံ ရုပ်ရှင်ဇာတ်လမ်းတွေ၊စကားဝိုင်းဆွေးနွေးပွဲ၊ စာအုပ်ဈေးပွဲတော် စတာတွေကို ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က