ရန်ကုန်တက္ကသိုလ်ပရဝုဏ်ဝင်းအတွင်းမှာ တက္ကသိုလ်ရာပြည့်အခမ်းအနားလုံခြုံရေးတာဝန်ကျ ရဲတပ်သားတစ်ဦးက ကျောင်းသူတစ်ဦးကို ကာယအိန္ဒြေထိပါးစေတဲ့ အပြောအဆိုများ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။
Photo- တက္ကသိုလ်ဝင်းအတွင်းကျာင်းသူများ ကာယိန္ဒြေထိပါးနှောက်ယှက်ခံရမှုများရှိနေ
ဒီဇင်ဘာလ (၁) ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကျောင်းသူတစ်ဦးဟာ ကန်တင်းကနေ အဆောင်ကို ပြန်လာစဉ် ဂျပ်ဆင်လမ်းဂိတ်အနီးမှာ လုံခြုံရေးရဲတစ်ဦးကနေ ကာယိန္ဒြေထိပါးစေတဲ့ စနောက်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ ညီမတို့က ဒီနေ့အဆောင်ကိုလာရင်းနဲ့ကန်တင်းမှာ ထမင်းသွားစားတာ။ ထမင်းသွားစားပြီးတော့ အဆောင်ကိုပြန်လာတာ။ ပြန်လာတဲ့အခါ ချစ်သူလမ်းကြားကနေ သီရိဆောင်ဖက်ကို ထွက်တဲ့အပေါက်။ အဲဒီမှာ လုံခြုံရေးတွေကထိုင်နေတယ်။ အဲဒီမှာ ညီမသူငယ်ချင်းကနေ ထီးဖွင့်လိုက်တယ်။ ထီးဖွင့်တဲ့အသံ ကြားတဲ့အချိန်မှာ အနောက်က လုံခြုံရေးကထပြောတာ။ ဖြည်းဖြည်းဖွင့်လည်းရပါတယ်။ အလျင်လိုရမယ့် ကိစ္စတွေမှမဟုတ်တာ၊ ဖြည်းဖြည်းလုပ်ပါဆိုပြီး ပြောတယ်။ ပြောတဲ့ပုံစံက ရိုးရိုးပြောတာမဟုတ်ဘူး” လို့ ကျောင်းသူရဲ့ သူငယ်ချင်းက ပြောပါတယ်။
Photo- တက္ကသိုလ်ဝင်းအတွင်းကျာင်းသူများ ကာာအိန္ဒြေထိပါးနှောက်ယှက်ခံရမှုများရှိနေ
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူတွေက ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ်ထံ တိုင်ကြားရာ ဒုပါချုပ်ကနေ ရန်ကုန်တိုင်းရဲမင်းကြီးကတစ်ဆင့် အဆိုပါ ရဲတပ်သားကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ကမာရွတ်ရဲစခန်းကို မေးမြန်းရာမှာတော့ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသိရှိဘူးလို့ ဖြေကြားခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ အခုလို ကျောင်းသူများ ကာယိန္ဒြေပျက်ပြားအောင် ထိပါးနှောင့်ယှက်ခံရမှုတွေ (၄) ကြိမ်လောက်ဖြစ်ပွားခဲ့ဖူးပြီး နောက်ထပ်ဒီလိုမဖြစ်အောင် မူဝါဒတစ်ခုချမှတ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
“ ကျောင်းသူတွေ ကျောင်းဝင်းထဲမှာ ထိပါးနှောက်ယှက်မှု ခံရရင် ဘယ်လိုကာကွယ်မလဲ။ကျုးလွန်သူတွေကို ဘယ်လို အရေးယူမလဲပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီး မူဝါဒတစ်ခုချမှတ်နိုင်အောင် ရေးဆွဲနေပါတယ်။” လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် မောင်အောင်ကောင်းဆက်က Duwun ကိုပြောပါတယ်။
လက်ရှိ ကျောင်းသူတွေ ထိပါးနှောက်ယှက်မှု ကြုံရရင် ၂၄ နာရီ Hot Line ဖုန်း 01-533026 ကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။
ဒါ့အပြင် အဓိပတိလမ်းမပေါ်မှာ ပြင်ပ အဌားယာဉ်များ ရပ်နားခွင့်မပေးတော့ဘဲ တက္ကသိုလ်ဝင်းအတွင်း CCTV ကင်မရာများ တပ်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။
သြဂုတ်လအတွင်းက ရန်ကုန်တက္ကသိုလ်တောင်ငူဆောင်အနီး ကျောင်းသူနှစ်ဦးက အမျိုးသားတစ်ဦးက မဖွယ်မရာတွေ ပြသတဲ့ဖြစ်စဉ်တွေ၊ ရာမညဆောင်အနီးမှာ ကျောင်းသူတစ်ဦးကို ဈေးရောင်းတဲ့အမျိုးသားတစ်ဦးက ကာယိန္ဒြေပျက်ပြားအောင် စနောက်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။
Share