ရန်ကုန်တိုင်းအတွင်းရှိ ၂၁ မြို့နယ်မှာ ရပေးဝေမှု ယာယီပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ကြေညာထားပါတယ်။
မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင့်တိုင်၊ စမ်းချောင်းမြို့နယ်တွေက ရပ်ကွက်တွေမှာ မတ်လ ၂၂ ရက် မနက် ၁၀ နာရီကနေ ည ၈နာရီအထိ ယာယီရေ ပြတ်တောက်မယ်လို့ သိရပါတယ်။
အဆိုပါ မြို့နယ်တွေမှာ ရေအားလျော့နည်းခြင်းနဲ့ ခေတ္တရေပြတ်တောက်ခြင်းတွေ ဖြစ်ပေါ်နိုင်တာကြောင့် ရေကြိုတင်စုဆောင်းနိုင်ကြဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့က အသိပေးကြေညာထားမှုကို မြို့တော်ဝန် ဦးမောင်မောင်စိုးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပို့စ်တင်ထားတာ တွေ့ရပါတယ်။
“ ဒီလိုမျိုး ကြိုတင်ကြေညာပေးတော့ ရုတ်တရက် ရေသုံးဖို့ လိုလာတဲ့အခါ ကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့။ ရေပြတ်တာက ကိစ္စမရှိပေမယ့် မီးပြတ်တာက ပိုဒုက္ခရောက်တယ်။ မီးကို အချိန်မှန်လာစေချင်ပါတယ်” လို့ သာကေတမြို့နယ်မှာ နေထိုင်သူ မမွန်မွန်က Duwun ကို ပြောပါတယ်။
ရန်ကုန်မြို့တွင်းကို ရေပေးဝေနေတဲ့ ရေကူးရေတွန်းစက်ရုံမှာ ရေတွန်းစက်နဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းတွေ၊ ငမိုးရိပ်ရေသန့်စက်ရုံ (ညောင်နှစ်ပင်) ရဲ့ ပထမအဆင့် ရေပိုက်လိုင်းတွေ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ရေပေးဝေခြင်းလုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။