သင်္ဃန်းကျွန်းမြို့နယ်က လူနာ နံပတ်(၁၀၉)နေထိုင်တဲ့ အမှတ်(၃၄)၊ သီရီဇေယျာလမ်း၊ဇဝနရပ်ကွက်ရှိ (၆)ထိပ်တိုက်တစ်ခုလုံးကို ဒီကနေ့ မနက်ကစပြီး lock down လုပ်လိုက်ပါပြီ။
လူနာနံပါတ်(၁၀၉)က ဧပြီလ( ၁၉)ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့တဲ့ ထပ်တိုးလူနာစာရင်းထဲမှာ ပါခဲ့တာဖြစ်ပြီး ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိထားဘူးလို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက Duwun ကိုပြောပါတယ်။
“ အခုတော့ သူနေထိုင်ရာ အခန်းရှိတဲ့ တိုက်တစ်ခုလုံးကို lock down လုပ်ထားတယ်။ ပြီးတော့ ပိုးသတ်ဆေးလည်းဖြန်းထားတယ်။ lock down လုပ်လိုက်တဲ့ တိုက်က (၆)ထပ်ရှိတယ်၊အခန်းက (၁၂)ခန်း၊ (၂)ခန်းကလူမနေဘူး။ အဲဒီတော့ လက်ရှိနေထိုင်တဲ့ အခန်း (၁၀)ခန်းက မိသားစု (၁၀)စုက အသွားအလာကန့်သတ်ခံထားရတာပေါ့” လို့ ဦးမောင်မောင်ဦးကပြောပါတယ်။
လူနာနံပါတ်(၁၀၉)က အသက်(၃၇)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ခရီးသွားရာဇဝင်မရှိသလို ပိုးတွေ့လူနာနဲ့လည်း ထိတွေ့မှုမရှိဘဲ ရောဂါတွေ့ရှိတာဖြစ်လို့ မြို့နယ်အတွင်းမှာ ပိုပြီးသတိထားဖို့လိုတယ်လို့ ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်း အတည်ပြုလူနာ (၁၁၁)ဦးမှာ ရန်ကုန်က (၈၉)ဦးထိပါဝင်နေပါတယ်။ရန်ကုန်တိုင်းအတွင်း လူနာအများဆုံးတွေ့ရှိတဲ့ မြို့နယ်( ၇)မြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြို့နယ်အလိုက် Lock Down လုပ်ထားပြီး ထပ်တိုးလူနာတွေတွေ့ရှိတဲ့ မြို့နယ်အသစ်တွေကိုတော့ လက်ရှိမှာ သက်ဆိုင်ရာတိုက်တွေ၊ အိမ်ယာတွေကိုသာ lock Down လုပ်ထားလျှက်ရှိပါတယ်။