ဒဏ်ရာအခြေအနေကို လက်ရှိအချိန်အထိ အတိအကျမသိရသေးပါဘူး။

ဆောက်သမ်တန်ကို ၃-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးအရွတ်ဒဏ်ရာရခဲ့တဲ့ ဆန်းချက်ဇ်ရဲ့ဒဏ်ရာအခြေအနေ ပြင်းထန်မှာကို စိုးရိမ်မိတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ အဓိက,ကစားသမားတွေဖြစ်တဲ့ မာရှယ်၊ လင်ဂတ်၊ မာတာ၊ ဟာရဲရား၊ မာတစ်အစရှိတဲ့ကစားသမားတွေဒဏ်ရာပြဿနာကြောင့် အနားယူနေရပါတယ်။ စနေညက ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၃-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ ဒီကစားသမားစာရင်းထဲကို ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ပါပူးပေါင်းပါဝင်လာခဲ့ပါပြီ။ ဆန်းချက်ဇ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်လာခဲ့ပေမယ့် ဒုတိယပိုင်းအစမှာတင် ဆောက်သမ်တန်နောက်ခံလူ ဘတ်နောရစ်ခ်နဲ့ထိမိပြီး ဒူးဒဏ်ရာရခဲ့လို့ လူစားလဲခဲ့ရပါတယ်။

လက်ရှိအချိန်အထိတော့ ဆန်းချက်ဇ်ရဲ့ဒဏ်ရာအခြေအနေကို မသိရသေးပဲ ကာလရှည်အနားမယူရဖို့ မျှော်လင့်တယ်လို့ နည်းပြ ဆိုးလ်ရှားက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ “ဒဏ်ရာက scan ဖတ်ရဦးမယ်။ အခုထိသေချာမသိသေးဘူး။ ဒူးအရွတ်ကိုထိသွားတယ်လို့ယူဆထားတယ်။ အရမ်းမပြင်းထန်ဖို့မျှော်လင့်ထားပါတယ်။” လို့ ဆိုးလ်ရှားကပြောပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ ဆန်းချက်ဇ်ဟာ ပီအက်စ်ဂျီနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်၊ အာဆင်နယ်နဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ ဝုဗ်ဗာဟမ်တန်နဲ့ကစားရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းကနေ မန်ယူကိုပြောင်းလာပြီးနောက်ပိုင်း ခြေစွမ်းမပြနိုင်ပဲ အသင်းအတွက် ပရီးမီးယားလိဂ် ၂၉ပွဲမှာ သွင်းဂိုး ၃ဂိုးပဲရရှိထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပေမယ့် ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပရီးမီးယားလိဂ်ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါတယ်။

Share

Loading Next Article...
က္က