လားရာတူမောင်းနှင်လာတဲ့ ယာဉ်ကို ကျော်တက်ရာမှာ အခုလို တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းက ထွက်ပြေးတိမ်းရှောင်လျှက်ရှိပါတယ်။
photo - သန်လျင်သတင်းစုံ
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့ မနက်အစောပိုင်းက စက်ရုံဝန်ထမ်းကြိုပို့ ဖယ်ရီကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာတဲ့ ဝန်ထမ်း (၂၀)ဦး ကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိမ်းမှောက်ခဲ့တဲ့ ဖယ်ရီယာဉ်ဟာ ဝန်ထမ်းတွေကို တင်ဆောင်ပြီး စက်ရုံကိုအပို့ ၊ သန်လျင်မြို့နယ် ခြောက်လမ်းသွားလမ်းမကြီးမှာ လားရာတူမောင်းနှင်နေတဲ့ ယာဉ်ကိုကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ အခုလို တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“ တောင်ဒဂုံဘက်က စက်ရုံတစ်ခုက ဖယ်ရီကားလို့တော့ပြောတယ်။ ကားပေါ်မှာကဝန်ထမ်း(၃၀)ကျော်လောက်ပါတယ်။ ဒဏ်ရာရရှိတဲ့ လူနာက (၂၀)ကျော်လောက်တော့ရှိတယ်။ စိုးရိမ်ရတဲ့ လူနာမျိုးပါလားဆိုတာတော့ အတိအကျမသိရသေးဘူးဗျ။ အခုတော့ လူနာတွေကို ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသမှုတွေဆောင်ရွက်ပေးနေပါတယ်” လို့ သန်လျင်မြို့ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက Duwun ကိုပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ဖယ်ရီ ယာဉ်က တောင်ဒဂုံဘက် စက်ရုံတစ်ခုက ဖယ်ရီကားဖြစ်ပြီး သုံးခွ၊ ခရမ်းဘက်က စက်ရုံဝန်ထမ်းတွေကို အလုပ်အကြိုမှာ အခုလိုမတော်တဆမှုဖြစ်ပွားခဲ့တာပါ။
ယာဉ်မတော်တမှုကြောင့် ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး ဒဏ်ရာ ရရှိခဲ့တဲ့ ဝန်ထမ်းတွေကတော့ သန်လျင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ယာဉ်မတော်တဆမှုနဲ့ ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်နေတဲ့ ကိစ္စတွေကိုတော့ သက်ရာဆိုင်တာဝန်ရှိသူတွေက စစ်ဆေးပြီး ရဲလုပ်ငန်းဆိုင်ရာတွေနဲ့ပဲ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဦးအောင်နိုင်ထွန်းကပြောကြားခဲ့ပါတယ်။