X-box က သူ့ကိုနမ်းတဲ့ ပရိသတ်တွေကို ဝေဖန်ပြောဆိုကြမှာ စိုးရိမ်တယ်လို့ဆိုပါတယ်။ ပရိသတ်တစ်ယောက်ချင်းစီ အနမ်းခံရတာကလည်း သူ့အတွက် ပထမဆုံး အတွေ့အကြုံပါတဲ့။
Photo: X-Box
X-Box ကို ကောင်မလေးပရိသတ်တစ်ဦးက နမ်းနေတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး သူကိုယ်တိုင် ပြောပြလာပါတယ်။ ပရိသတ်တစ်ယောက်ချင်းစီ နမ်းတာလည်း မခံခဲ့ရဖူးဘူးလို့ Duwun Media ကနေဖြေဆိုခဲ့ပါတယ်။
‘’အဲဒါက ပွဲမှာ ဂိမ်းကစားတဲ့ အစီအစဉ်မှာ X-Box ကို နမ်းရမယ်၊ ပြိုင်နမ်းရမယ်၊ တစ်ယောက်ပြီးတစ်ယောက် နမ်းရမယ်ဆိုတော့ မဟုတ်သေးပါဘူး၊ ဘာ Game ကြီးလဲပေါ့။ တစ်ခါမှလည်း အနမ်းမခံရဖူးဘူး။ ကျွန်တော့်ပရိသတ်အုပ်လိုက်ကြီးနမ်းတာတော့ ခံဖူးတယ်။ ဒါပေမယ့် အရှေ့မှာလည်း ပရိသတ်တွေရှိတယ်၊ ကင်မရာတွေရှိတယ်၊ တစ်ယောက်ချင်းစီနမ်းရမယ်ဆိုတော့ ကျွန်တော်လည်း ဘယ်လိုနေရမှန်း မသိတော့ဘူး။ အတွေ့အကြုံ အသစ်ပါ’’ လို့လည်း သူကဆိုပါတယ်။
Photo: X-Box
X-Box က သူ့ကိုယ် ပရိသတ်တွေပြောမှာထက် သူ့ကို နမ်းတဲ့ ပရိသတ်တွေအပြောခံရမှာကို စိုးရိမ်နေပါတယ်တဲ့။ အွန်လိုင်းပေါ်မှာ ပျံ့ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲက မိန်းကလေး ပရိသတ်အတွက်လည်း စိုးရိမ်တဲ့အကြောင်းပြောပါသေးတယ်။
‘’ ကျွန်တော့်ကိုယ် ကျွန်တော်တော့ မစိုးရိမ်ပါဘူး။ အဓိက က နမ်းတဲ့ မိန်းကလေးကိုပဲ စိုးရိမ်တာ သူ့ကို ဘာတွေများပြောကြမလဲ၊ သူ့အိမ်က ခွင့်ပြုရဲ့လား၊ ဒါမှမဟုတ် အိမ်က ခွင့်မပြုပဲနဲ့ ကျူရှင်ပြေးပြီးတော့လာတဲ့ ကောင်မလေးလား၊ အဲဒီလို တွေးဖြစ်တယ်’’ လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: X-Box
အဲဒီအတွက် X-Box ဟာ သူ့ရဲ့ ပရိသတ်တွေ ပျော်စေချင်ခဲ့တဲ့ ဆန္ဒပါတဲ့။ သူ့ကို အားပေးတဲ့ ပရိသတ်တွေကလည်း မိန်းကလေးပရိသတ်တွေ များပါတယ်။
‘’အဲဒါနဲ့ပတ်သက်ပြီးတော့ အဓိက ကတော့ သူတို့ပျော်ရင် ကျွန်တော်ကျေနပ်ပါပြီ။ ကျွန်တော့်ကို နမ်းရတာပဲဖြစ်စေ၊ လက်ကလေး ကိုင်ရတာပဲဖြစ်စေ၊ ဓာတ်ပုံတွဲရိုက်ရတာပဲဖြစ်စေ၊ သူတို့ပျော်သွားရင် ကျွန်တော် ကျေနပ်ပါပြီ’’ လို့ ဆိုပါတယ်။
X Box ရဲ့ ဒုတိယအကြိမ် X Boxin House Party ပွဲကို မေလ(၁၉) ရက်နေ့ ရန်ကုန်မြို့ The Maze Club မှာ ညနေ(၄)နာရီကနေ (၉)နာရီ ခွဲအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်မှတ်တွေကိုလည်း ငွေကျပ် တစ်သောင်းနှုန်းဖြင့်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo: X-Box
X Box ဟာ ၂၀၁၈ခုနှစ်တုန်းကလည်း ပထမဆုံး အကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို သူငယ်ချင်းတွေ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ဖူးပါသေးတယ်။ X-Box ဟာ Rap ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဲ့ဒီနောက် မိန်းကလေး ပရိသတ်၊ ယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရရှိထားသူဖြစ်ပါတယ်။
X-Box ကိုတော့ Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ‘’အိပ်ရေး မပျက်စေနဲ့’’ သီချင်းကနေ ပရိသတ်အားပေးမှု အများကြီးရရှိလာခဲ့တာပါ။ X-Box ဟာ ၂၀၁၄ ခုနှစ်က 4 Album ဆိုတဲ့ အခွေကို အဆိုတော် ရွှေထူး၊ အဆိုတော် ထက်ယံ၊ အဆိုတော် Lil’z တို့နဲ့ အတူ ထွက်ရှိခဲ့ပါတယ်။အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ၉၉ ပေါက်ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်အခွေကို ထွက်ရှိခဲ့ပါတယ်။ လက်ရှိမှာ လည်း X-Box ရဲ့ ‘’Hurt’’ ဆိုတဲ့ သီချင်းဟာ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။
Share