ဝန်ထမ်းတွေကို ရာထူးနဲ့ လျော်ညီတဲ့ အဆောင်အယောင်တွေ ပေးချင်တာကြောင့် အခုလို ကားတင်သွင်းခွင့်ပြုတာဖြစ်ပြီး ဒီလိုတင်သွင်းခွင့်ပေးတာကြောင့် ပြင်ပကားဈေးကွက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောလိုက်ပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့က နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် အရစ်ကျရောင်းချရေးအစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
“ ဝန်ထမ်းတွေက ကြိုးကြိုးစားစားနဲ့ နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ ဝန်ထမ်းကောင်းတွေကို နိုင်ငံတော်က ချီးမြှင့်ဆောင်ရွက်ပေးတာပါ။ တစ်ဘက်ကလည်း Showroom သမားတွေက ဒီလိုကားတွေဝင်လာရင် နဂိုရှိပြီးသားကားတွေ ဈေးကွက်ပျက်သွားမလားဆိုပြီး စိုးရိမ်နေကြတာရှိပါတယ်။ ဈေးကွက်ကို ဆိုးဆိုးဝါးဝါးထိခိုက်မယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့က အဘက်ဘက်က အဆင်ပြေအောင်ဆောင်ရွက်ပေးပါမယ်” လို့ အမြဲတန်းအတွင်းဝန် ဦးအောင်စိုးက ပြောပါတယ်။
ဝန်ထမ်းတွေ လက်ရှိအသုံးပြုနေတဲ့ ကားတွေက နှစ်ကြာနေပြီး ဟောင်းနွမ်းချို့ယွင်းလာတာကြောင့် ကောင်းမွန်တဲ့ ကားအသစ်တွေစီးနိုင်အောင်၊ ပင်စင်ယူပြီးတဲ့နောက်မှာလည်း ရာထူးအဆင့်နဲ့ လျော်ညီတဲ့ ကားတွေ စီးနိုင်အောင် စီစဉ်ပေးတာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောလိုက်ပါတယ်။
ဝန်ထမ်းတွေကို အဆင့်နှစ်ဆင့်နဲ့ ကားတင်သွင်းခွင့်ပေးမှာဖြစ်ပြီး ဇန်နဝါရီ (၈) ရက် နောက်ဆုံးထားကာ ဝန်ကြီးဌာနတွေကို အမည်စာရင်းပေးရမယ်လို့ ကြေညာထားပါတယ်။
ပထမအဆင့်မှာ ညွန်ကြားရေးမှူးချုပ်နဲ့အထက် အဆင့် ရာထူးရှိသူတွေကို ဖြစ်ပြီး ဒုတိယအဆင့်မှာတော့ လုပ်သက် (၂၅) နှစ်နဲ့ အထက် ဝန်ထမ်းကောင်းလက်မှတ်ရရှိသူတွေကို ကားတင်သွင်းခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေကို အခွန်သက်သာခွင့်နဲ့ ကားတင်သွင်းခွင့်ပြုရာမှာ တပ်မတော်သားများနဲ့ ပြည်ထဲရေးဝန်ထမ်းတွေ တော့ ပါဝင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။