ယနေ့ညနေ ၆ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘုန်းမောက်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ ဘုန်းမောက်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ပထမပိုင်းမှာ တော့တင်ဟမ်ဟော့စပါးအသင်းက အိမ်ရှင်ဘုန်းမောက်အသင်းကို ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး ဘုန်းမောက်အသင်းဂိုးသမား မာ့ခ်ထရေဗာက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
၄၃ မိနစ်မှာ ကွင်းလယ်ဒိုင်ဝီစီမှုတ်ပြီးချိန်မှာ ဘောလုံးကို လုယူဖို့ ကြိုးပမ်းခဲ့တဲ့ ဘုန်းမောက်ကွင်းလယ်ကစားသမား လာမာကို ဆွန်ဟောင်မင်က ဒေါသအလျှောက် တွန်းထိုးခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ဆွန်ဟောင်မင်ကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
ဒုတိယပိုင်း ၄၈ မိနစ် ဆင်ပ်ဆန်ကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် လူစားဝင်ကစားလာတဲ့ ဂျူအန်ဖွိုက်ကို ကွင်းလယ်ဒိုင်က နောက်ထပ် တိုက်ရိုက်အနီကတ် ထပ်မံပြသပြီး ထုတ်ပယ်ခဲ့ပါတယ်။ စပါးအသင်းဟာ ၂ ယောက်လျော့သွားခဲ့ပြီးနောက် ဘုန်းမောက်အသင်းရဲ့ ဖိအားပေးကစားခြင်းကို ခံခဲ့ရပါတယ်။
ဘုန်းမောက်အသင်းဟာ စပါးအသင်းကို တောက်လျှောက်ဖိအားပေးကစားခဲ့ပြီး ၉၁ မိနစ်မှာ ဖရေဆာရဲ့ ဖြတ်တင်ပေးပို့မှုှုကို နသန်အကီက ပြင်းထန်အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ အဆုံးသတ်နိုင်ခဲ့ပြီး ဘုန်းမောက်အသင်းဟာ စပါးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။