သက်တမ်း နှစ်ပေါင်း ၁၂၀ ရှိပြီဖြစ်တဲ့ နိုဘယ်ဆုအကြောင်းက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်

ကမ္ဘာမှာ သက်ဆိုင်ရာနယ်ပယ်အလိုက် ဂုဏ်သိက္ခာအရှိဆုံး နိုင်ငံတကာဆုကို ပြောပါဆိုရင် နိုဘယ်ဆု ဖြစ်ပါတယ်။ နိုဘယ်ဆုဟာ ဆွီဒင်လူမျိုး ဓာတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာခဲ့တဲ့ဆုပါ။

အဲလ်ဖရက်နိုဘယ်က ၎င်းမကွယ်လွန်မီ ၁၈၉၅ ခုနှစ်အတွင်း ရေးသားထားခဲ့တဲ့ သေတမ်းစာထဲမှာ ပိုင်ဆိုင်မှုတွေကို ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းစေပြီး ထိုအဖွဲ့က လွှဲပေးခဲ့ကာ ရရှိလာတဲ့ အကျိုးအမြတ်များကို နယ်ပယ်ငါးခုအတွက် ထူးထူးခြားခြား အကျိုးပြုနိုင်သူတွေကို ရွေးချယ်ဆုချီးမြှင့်ရန် ပြောထားခဲ့ပါတယ်။ ၎င်းရဲ့ဆန္ဒအရ ပထမဆုံး နိုဘယ်ဆုကို ၁၉၀၁ ခုနှစ်မှာ စတင်ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။



နိုဘယ်ဆုအဖြစ် ပေးအပ်ချီးမြှင့်ရာမှာ ဆုံတံဆိပ်တစ်ခု၊ အသိအမှတ်ပြုလွှာနဲ့ ဆုကြေးငွေနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတို့ ပါရှိပါတယ်။ နိုဘယ်ဆုကို ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေနဲ့ ငြိမ်းချမ်းရေး နယ်ပယ်တို့မှ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွေကို နှစ်စဥ် ရွေးချယ်ပေးအပ်ပါတယ်။ သက်တမ်း နှစ်ပေါင်း ၁၂၀ ရှိပြီဖြစ်တဲ့ နိုဘယ်ဆုအကြောင်းက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ နိုဘယ်ဆုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား သိထားသင့်တဲ့ ၁၁ ချက်ကို ကောက်နုတ်ဖော်ပြထားပါတယ်။

၁။ စက်နဲ့မဟုတ်ဘဲ လက်နဲ့ပြုလုပ်ထားတဲ့ ဆုတံဆိပ်

နိုဘယ်ဆုရှင်ကို ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ကို ပြန်လည်သန့်စင်ထားတဲ့ ၁၈ ကာရက် ရွှေကိုအသုံးပြုပြီး စက်နဲ့မဟုတ်ဘဲ လက်နဲ့ပြုလုပ်ထားပါတယ်။ နိုဘယ်ဆုတံဆိပ်တွေကို အနုစိတ် တိကျသေသပ်စွာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဓာတုဗေဒ၊ စာပေ၊ ဆေးပညာနဲ့ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုတံဆိပ်တွေက ပုံစံတူညီပါတယ်။

ဆုတံဆိပ်တွေပေါ်မှာ အဲလ်ဖရက်နိုဘယ်ရဲ့ ရုပ်ပုံနဲ့ ၎င်းရဲ့ မွေးဖွားတဲ့ခုနှစ်နဲ့ ကွယ်လွန်တဲ့ခုနှစ်တို့ကို ထွင်းထုထားပါတယ်။ အဲလ်ဖရက်နိုဘယ်ရဲ့ ရုပ်ပုံကို ငြိမ်းချမ်းရေးနဲ့ စီးပွားရေးသိပ္ပံအတွက် ပေးအပ်တဲ့ နိုဘယ်ဆုတွေပေါ်မှာလည်း ထည့်သွင်းထားပေမဲ့ ပုံစံ အနည်းငယ်ကွဲပြားပါတယ်။ နိုဘယ်ဆု ရွေးချယ်ချီးမြှင့်တဲ့ အဖွဲ့အစည်းကိုယ်စားပြု ရုပ်ပုံကို နောက်ကျောဘက်မှာ ဖော်ပြထားပါတယ်။

၂။ နိုဘယ်ဆုရှင်အဖြစ် အသိအမှတ်ပြုလွှာ

နိုဘယ်ဆုရှင် အသိအမှတ်ပြုလွှာက တစ်မူထူးခြားတဲ့ ဖန်တီးမှုဖြစ်ပါတယ်။ အသိအမှတ်ပြုလွှာ ပုံစံဒီဇိုင်းကို ဆုရွေးချယ်ပေးအပ်တဲ့ အဖွဲ့အစည်းက ဆုံးဖြတ်ပါတယ်။ စာပေနိုဘယ်ဆုအတွက် ပေးအပ်ချီးမြှင့်တဲ့ အသိအမှတ်ပြုလွှာအဖြစ် သာရေးချပ်ပေါ်မှာ ရေးသားထားပါတယ်။

တခြား နယ်ပယ်တွေအတွက် ပေးအပ်ချီးမြှင့်တဲ့ အသိအမှတ်ပြုလွှာတွေကိုလည်း လက်နဲ့ပြုလုပ်ထားတဲ့ အထူးစာရွက်တွေပေါ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ အသိအမှတ်ပြုလွှာ ပုံစံဒီဇိုင်းဟာ နှစ်တွေနဲ့အတူ အပြောင်းအလဲရှိခဲ့ပေမဲ့ စာလုံးပုံစံကတော့ အများအားဖြင့် တူညီနေပါတယ်။

၃။ ဆုကြေးငွေ

အဲလ်ဖရက်နိုဘယ်က ရင်းနှီးမြှုပ်နှံရန် ၎င်းရဲ့ပိုင်ဆိုင်မှု ဆွီဒင်ငွေ Swedish kroner (SEK) ၃၁ သန်းကျော် ချန်ထားခဲ့ပြီး ရရှိလာတဲ့ အကျိုးအမြတ်ဝင်ငွေကို နိုဘယ်ဆုရှင်တွေအတွက် နှစ်စဥ် ခွဲဝေးပေးအပ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ နိုဘယ်ဆုရှင်ကို ပေးအပ်ခဲ့တဲ့ ဆုကြေးငွေဟာ ဆွီဒင်ငွေ ၉ သန်း (အမေရိကန်ဒေါ်လာ ၁.၀၂ သန်း) ဖြစ်ပါတယ်။

၄။ အသက်အငယ်ဆုံးနဲ့ အသက်အကြီးဆုံး နိုဘယ်ဆုရှင်များ

ပါကစ္စတန်နိုင်ငံမှ အမျိုးသမီးများ ပညာသင်ကြားရေး တက်ကြွလှုပ်ရှားသူ မာလာလာ ယူဆွတ်ဖ်ဇိုင်းက အသက် ၁၇ နှစ်အရွယ်မှာ ၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ပြီး အသက်အငယ်ဆုံး နိုဘယ်ဆုရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မာလာလာဟာ အိန္ဒိယနိုင်ငံမှ Kailash Satyarthi နဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ အသက်အကြီးဆုံး နိုဘယ်ဆုရှင်ကတော့ ၉၈ နှစ်အရွယ် အမေရိကန်သိပ္ပံပညာရှင် John B Goodenough ဖြစ်ပြီး ၎င်းက ၂၀၁၉ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရရှိခဲ့ပါတယ်။

၅။ နိုဘယ်ဆုလက်ခံရန် ငြင်းပယ်မှု

၁၉၆၄ ခုနှစ်မှာ ပြင်သစ်လူမျိုး တွေးခေါ်ပညာရှင်နဲ့ ဝတ္ထုရေးဆရာ Jean-Paul Satre ကို စာပေနိုဘယ်ဆု ပေးအပ်ချီးမြှင့်ရန် ရွေးချယ်ခဲ့ပါတယ်။ သို့သော် တရားဝင်ဂုဏ်ပုဒ်တွေကို မည်သည့်အခါကမျှ လက်မခံခဲ့တဲ့ Jean-Paul Satre က နိုဘယ်ဆုလက်ခံရန် ငြင်းပယ်ခဲ့ပါတယ်။

ဆုလက်ခံရန် ငြင်းပယ်ခဲ့သူ နောက်တစ်ဦးကတော့ ဗီယက်နမ်သံတမန် Le Duc Tho ဖြစ်ပြီး ၎င်းဟာ ၁၉၇၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထိုစဥ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Henry Kissnger နဲ့အတူ ပူးတွဲ ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ ဗီယက်နမ်ငြိမ်းချမ်းရေးစာချုပ် ညှိနှိုင်းဆွေးနွေးမှု လုပ်ဆောင်ချက်တွေအတွက် ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော် ဗီယက်နမ်သံတမန် Le Duc Tho က ဗီယက်နမ်နိုင်ငံရဲ့ ထိုစဥ်က အခြေအနေကြောင့် နိုဘယ်ဆုလက်ခံရန် ငြင်းပယ်ခဲ့ပါတယ်။


၆။ နိုဘယ်ဆုလက်မခံရန် ဖိအားပေးခံရမှု

နိုဘယ်ဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရပေမဲ့ သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေက ဆုကိုလက်ခံခြင်းမပြုရန် ဖိအားပေးခံသူတွေလည်း ရှိခဲ့ပါတယ်။ ဂျာမန်လူမျိုး နိုဘယ်ဆုရှင်တွေဖြစ်ကြတဲ့ Adolf Butenandt, Richard Kuhn နဲ့ Gerhard Gerhard Domagk တို့ကို အာဏာရှင်ဟစ်တလာ (Adolf Hitler) က ဆုလက်မခံရန် ဖိအားပေးခံခဲ့ရတာကြောင်း နိုဘယ်ဆုကို ငြင်းပယ်ခဲ့သူတွေ ဖြစ်ပါတယ်။

ထို့အတူ ရုရှားလူမျိုး ဝတ္ထုရေးဆရာ Boris Pasternak ဟာ ၁၉၅၈ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို ကနဦးမှာ လက်ခံရယူခဲ့ပေမဲ့ ထိုစဥ်က ဆိုဗီယက်ပြည်ထောင်စုအစိုးရရဲ့ အမိန့်ကြောင့် နိုဘယ်ဆုကို ပြန်ပေးခဲ့ရပါတယ်။


၇။ နေအိမ်အကျယ်ချုပ်ကျနေစဥ် နိုဘယ်ဆု ချီးမြှင့်ခံရမှု

နိုဘယ်ဆုသမိုင်းတစ်လျှောက် သက်ဆိုင်ရာ နိုင်ငံတွေမှာ နေအိမ်အကျယ်ချုပ်ကျနေစဥ် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရသူ ၂၀၂၀ ခုနှစ်အထိ သုံးဦး ရှိခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်မှာ ဂျာမန်လူမျိုး ဂျာနယ်လစ် Carl von Ossietzky ၊ ၁၉၉၁ ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၀ ခုနှစ်မှာ တရုတ်လူမျိုး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Liu Xiaobo တို့ဟာ နေအိမ်အကျယ်ချုပ်ကျနေစဥ် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသူတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


၈။ နိုဘယ်ဆု တစ်ကြိမ်မက ချီးမြှင့်ခံရမှု

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အစည်း (International Committee of the Red Cross - ICRC) က နိုဘယ်ဆု သုံးကြိမ်ရရှိခဲ့ပြီး အများဆုံးအရေအတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ICRC တည်ထောင်သူ Henry Dunant က ၁၉၀၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ပါတယ်။ အမေရိကန် ဇီဝဗေဒပညာရှင်နဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ Linus Pauling က နိုဘယ်ဆု နှစ်ကြိမ်ရဖူးတဲ့ တစ်ဦးတည်းသော လူပုဂ္ဂိုလ်ဖြစ်ပါတယ်။ ၎င်းက ၁၉၅၄ ခုနှစ်မှာ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုနဲ့ ၁၉၆၂ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

၉။ ကွယ်လွန်ပြီးမှ နိုဘယ်ဆုရရှိသူများ

နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ကွယ်လွန်ပြီးသူတွေကို ဆုရွေးချယ်ချီးမြှင့်မှုအား ၁၉၇၄ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ နိုဘယ်ဆုရှင်အဖြစ် ကြေညာပြီးမှ ကွယ်လွန်သွားသူတွေကလွဲပြီး ကွယ်လွန်ပြီးသူတွေ နိုဘယ်ဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်နိုင်ခြင်းမရှိပါဘူး။ ၁၉၇၄ ခုနှစ် မတိုင်မီ ကွယ်လွန်ပြီးမှ နိုဘယ်ဆုရှင်ဖြစ်ခဲ့သူ နှစ်ဦးသာရှိခဲ့ပြီး ၎င်းတို့ကတော့ ၁၉၃၁ ခုနှစ်အတွက် စာပေနိုဘယ်ဆုရှင် Erik Axel Karlfeldt နဲ့ ၁၉၆၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Dag Hammarskjold တို့ ဖြစ်ပါတယ်။


၁၀။ နိုဘယ်ဆုရှင် မိသားစု

Curies မိသားစုက နိုဘယ်ဆု အများဆုံးရရှိခဲ့တဲ့ မိသားစုလို့ ဆိုနိုင်ပါတယ်။ Marie Curie က ခင်ပွန်းဖြစ်သူ Pierre Curie နဲ့ နိုဘယ်ဆု တစ်ကြိမ်ရခဲ့သလို သမီးဖြစ်သူ Irene Joliot Curie နဲ့လည်း နောက်တစ်ကြိမ် နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

ထို့အတူ Irne Joliot Curie ကတော့ ခင်ပွန်းဖြစ်သူ Frederic Joliot နဲ့အတူ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသေးပြီး နိုဘယ်ဆု သုံးကြိမ်ရရှိသူ ဖြစ်ခဲ့ပါတယ်။ Marie Curie ဟာ ပထမဆုံး အမျိုးသမီး နိုဘယ်ဆုရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၁။ နိုဘယ်ဆု မပေးခဲ့တဲ့နှစ်များ

နိုဘယ်ဆု စတင်ခဲ့ချိန်မှစပြီး အချို့နှစ်တွေမှာ ဆုရွေးချယ်ချီးမြှင့်မှု မရှိခဲ့ပါဘူး။ နိုဘယ်ဆု မပေးခဲ့တဲ့နှစ်အများစုဟာ ပထမနဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း ကာလများဖြစ်ခဲ့ပါတယ်။ နှစ်တစ်နှစ်အတွက် နိုဘယ်ဆုရှင် ရွေးချယ်နိုင်ခြင်းမရှိခဲ့ပါက နိုဘယ်ဆုကြေးငွေကို နောက်နှစ်အထိ အရန်သင့်ထားရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဖော်ပြထားပါတယ်။

Ref: The Nobel Prize, Biography, Historyly, Wikipedia

Photo: Medium, Biography, The Nobel Prize, Down To Earth, The Washington Post


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က