Jio ရဲ့ 5G ကွန်ရက်အသုံးပြုသူတွေဟာ 4G ထက် ၁၀ ဆအထိ မြန်တဲ့အင်တာနက်ကို အသုံးပြုနိုင်တော့မှာပါ

ဖင်လန်ကုမ္ပဏီ Nokia ဟာ အိန္ဒိယရဲ့ 5G ကွန်ရက်ဖြန့်ကြက်ရေးမှာ အရေးပါတဲ့စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

Nokia နဲ့အိန္ဒိယတယ်လီကွန်းအော်ပရေတာကြီးတစ်ခုဖြစ်တဲ့ Reliance Jio တို့ဟာ ကမ္ဘာ့အကြီးဆုံး 5G ကွန်ရက်ကြီးတစ်ခုဖြစ်လာမယ့် နိုင်ငံအတွင်း 5G Radio Access Network (RAN) ပစ္စည်းအစိတ်အပိုင်းထောက်ပံ့ရေးအတွက် နှစ်ရှည်စာချုပ်တစ်ခု ချုပ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ Nokia နဲ့ Reliance Jio တို့ရဲ့ စာချုပ်ကနေ ဖင်လန်ကုမ္ပဏီဟာ 5G အခြေစိုက်စခန်းတွေ ၊ စွမ်းဆောင်ရည်မြင့် 5G Massive MIMO အန်တနာ နဲ့ Remote Radio Heads (RRH) တွေနဲ့ ကိုယ့်ဘာသာစုဖွဲ့နိုင်တဲ့ ကွန်ရက်ဆော့ဖ်ဝဲလ်အပါအဝင် ကုမ္ပဏီရဲ့ AirScale Portfolio တို့ကနေ ပစ္စည်းအစိတ်အပိုင်းတွေ ထောက်ပံ့သွားမှာပါ။ 



Photo : 91Mobiles


Jio ဟာ ကုမ္ပဏီရဲ့ 4G ကွန်ရက်နဲ့ အပြန်အလှန်ဆက်သွယ်လုပ်ဆောင်နိုင်တဲ့ 5G Standalone ကွန်ရက်တစ်ခုလည်း ဖြန့်ကြက်ဖို့ ပြင်ဆင်နေပါတယ်။ Jio ကွန်ရက်မှာ အသုံးပြုသူ သန်း ၄၂၀ ကျော် ရှိပြီး 4G ကနေ 5G ကူးပြောင်းအသုံးပြုသူတွေဟာ လက်ရှိ 4G ထက် ၁၀ ဆ ကျော် ပိုမြန်ဆန်တဲ့ ကွန်ရက်ကို အသုံးပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Nokia ဟာ အိန္ဒိယရဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရေတာကြီး ၃ ခုကို ကွန်ရက်ပစ္စည်းတွေ ထောက်ပံ့ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မေလထဲမှာ Nokia နဲ့ Vodafone Idea တို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဩဂုတ်လထဲမှာ Airtel နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။ Reliance Jio နဲ့ 5G ကွန်ရက်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာဟာ Nokia အတွက် အရေးပါတဲ့ဈေးကွက်တစ်နေရာမှာ ထင်ရှားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်က အကြီးဆုံး RAN နယ်ပယ်ထဲက တစ်ခုမှာ ဖောက်သည်သစ်တစ်ယောက် ရလိုက်တာပဲလို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံဟာ နိုင်ငံအတွင်း စီးပွားဖြစ် 5G ဝန်ဆောင်မှု တရားဝင်ဖြန့်ကြက်ကြောင်း ကြေညာခဲ့ပြီး ဘန်ဂလာရူ ၊ ချန်နိုင်း ၊ ဒေလီ ၊ ဟိုက်ဒရာဘတ် စတဲ့ မြို့ကြီး ၂၂ မြို့မှာ 5G ကွန်ရက် စတင်အသုံးပြုနိုင်တော့မယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ အိန္ဒိယရဲ့ 5G ကွန်ရက်ဝန်ဆောင်မှုကို Reliance Jio ၊ Airtel နဲ့ Vi (Vodafone-Idea) တယ်လီကွန်းတွေက နိုင်ငံအနှံ့ ကနဦး စတင်ဝန်ဆောင်မှုပေးသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က