အသွင်ဆန်းတဲ့ ကျောဘက်အလန်းတန်းသုံး Nothing Phone (1) ဟာ နောက်နှစ်လယ်လောက်မှ Android 13 Update ရမယ်လို့ ဆိုပါတယ်။
Android 13 သစ်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကျော်ကပဲ Pixel ဖုန်းတွေပေါ် ရောက်ရှိလာတာ ဖြစ်ပြီး Samsung ၊ OnePlus နဲ့ တခြားဖုန်းတွေမှာ beta ဗားရှင်းအနေနဲ့ တင်နိုင်ပြီလို့ ဆိုပါတယ်။ Nothing ကုမ္ပဏီရဲ့ ပထမဆုံးဖုန်း Nothing Phone (1) ကတော့ ဒီနှစ်ကုန်တဲ့အထိ Android 13 Update ရဖို့ မရှိပါဘူး။
stable ဗားရှင်း Android 13 Update ဟာ လာမယ့်နှစ် နှစ်လယ်ဖြစ်တဲ့ ဇန်နဝါရီကနေ ဇွန်လအတွင်းမှာပဲ Nothing Phone (1) ပေါ်ရောက်လာဖို့ ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ Operating System သစ် ဖြန့်ချိနိုင်ခြင်း မရှိပေမယ့် Nothing Phone (1) အသုံးပြုသူအတွေ့အကြုံကို ပိုကောင်းစေဖို့ Software Updates တွေ ဆက်လက်ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။
"Phone 1 အသုံးပြုသူအတွေ့အကြုံကို တိုးတက်ဖို့ ကျွန်တော်တို့ အမြဲကြိုးစားနေပါတယ်။ Operating System Updates တွေကို ပုံမှန်ဒေါင်းလုပ်ဆွဲနိုင်အောင်လည်း လုပ်သွားမှာပါ။ Android 13 နဲ့ ပတ်သက်လို့ Nothing Phone (1) အသုံးပြုသူတွေအတွက် လာမယ့် ၂၀၂၃ ပထမနှစ်ဝက်အတွင်းမှာပဲ ဖြန့်ချိသွားဖို့ ရှိပါတယ်။ ဒီလို ဖြန့်ချိခြင်းမလုပ်ခင်မှာ Nothing ရဲ့ Hardware နဲ့ ဆော့ဖ်ဝဲလ် Upgrade ပိုင်းကို အံဝင်အောင် ချိန်ညှိသွားမှာပါ။ နောက်ထပ် သတင်းအချက်အလက်တွေလည်း ထပ်ပေးသွားပါဦးမယ်" လို့ Nothing က ပြောပါတယ်။
OnePlus တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကားလ်ပိုင်ဟာ ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်တဲ့ Nothing Phone (1) ကို ကြေညာခဲ့ပါတယ်။ Nothing Phone (1) ဟာ Android 12 အခြေခံ NothingOS နဲ့လာပြီး Stock ဗားရှင်းနီးနီး Android အတွေ့အကြုံကို ပေးတဲ့ဖုန်းအဖြစ် ထွက်လာခဲ့တာပါ။ တစ်လ ၂ ကြိမ် Security Patch လေးနှစ် နဲ့ Android Updates ၃ နှစ်အထိ ပေးမယ်လို့လည်း ကတိပြုထားတဲ့ ဖုန်းပါ။
Nothing Phone (1) ဟာ ၆.၅၅ လက်မ FullHD+ 120Hz OLED display နဲ့ လာပြီး မှန်ပြင်အောက်မှာ လက်ဗွေဖတ်စနစ်ထည့်ထားတာပါ။ Processor အနေနဲ့ Snapdragon 778G+ Processor နဲ့ လာပြီး ဘက်ထရီပါဝါ 4500mAh ဟာ 33W Wired နဲ့ 15W Wireless Charging ပံ့ပိုးမှုတို့ ပါရှိပါတယ်။ ကျောဘက် Glyph အလင်းတန်းကာဗာနဲ့အတူ 50MP Main Sensor နဲ့ 50MP Ultrawide Lens နှစ်လုံး ၊ ရှေ့ဘက် 16MP Selfie ကင်မရာတစ်လုံးတို့ ထည့်သွင်းထားပါတယ်။
ကားလ်ပိုင်ကတော့ Nothing Phone (1) ဟာ Apple ထုတ် iPhone အတွက် အကောင်းဆုံးပြိုင်ဘက်ဖြစ်လာမယ့် အန်းဒရိုက်ဖုန်းအဖြစ် ကြေညာထားတာပါ။ Nothing Phone (1) မိတ်မဆက်ခင်ကတည်း Nothing Phone (1) မှာ သုံးမယ့် Nothing OS Android Skin ဟာ Bloatware တွေ ဖယ်ရှားသွားပြီး ချောမွေ့သပ်ရပ်တဲ့ သုံးစွဲသူအတွေ့အကြုံပေးမယ်လို့ ကားလ်ပိုင်က ပြောထားတာ ဖြစ်ပါတယ်။
Nothing Phone (1) ကို အနက်နဲ့အဖြူ နှစ်ရောင်နဲ့ ထွက်ထားပြီး 8/128GB ဗားရှင်းကို ၃၉၉ ပေါင် (မြန်မာငွေ ၉ သိန်းခွဲကျော်) ၊ 8/256GB မော်ဒယ်ကို ၄၄၉ ပေါင် (မြန်မာငွေ ၁၁ သိန်းခန့်) နဲ့ 12/256GB ဗားရှင်းကို ပေါင် ၅၀၀ (မြန်မာငွေ ၁၂ သိန်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။