ယူရို ၅၀၀ ဈေးနဲ့ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်

ဖုန်းအတွင်းပစ္စည်းတွေ အကုန် မြင်နေရမယ့် Transparent ကိုယ်ထည်သုံး Nothing Phone 1 ရဲ့ ဒီဇိုင်းပုံကတော့ ထွက်လာပြီ ဖြစ်ပါတယ်။ 

OnePlus ဖုန်းကုမ္ပဏီတည်ထောင်သူဟောင်း ကားလ်ပိုင်ရဲ့ Nothing ကုမ္ပဏီကနေ ပထမဆုံး Flagship ဖုန်းကို ဒီနှစ် နွေပိုင်းမှာ မိတ်ဆက်သွားမယ်လို့ ကြေညာထားပါတယ်။ သေချာသလောက် ရှိတဲ့ အချက်က Nothing Phone (1) ဟာ ကျောဘက်ထွင်းဖောက်မြင် Transparent ကိုယ်ထည်နဲ့လာမယ် ဆိုတာပါပဲ။ ကုမ္ပဏီတည်ထောင်သူ ကားလ်ပိုင်နဲ့ ဒီဇိုင်းအကြီးအကဲဖြစ်တဲ့ တွမ်ဟောင်းဝပ်ဒ်တို့က ဖုန်းရဲ့ ဒီဇိုင်း ပုံအကြမ်းကို ထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။ 





Nothing Phone (1) ရဲ့ Sketch ဒီဇိုင်းအရ ဒီဖုန်းဟာ ကြားထားတဲ့အတိုင်း ထွင်းဖောက်မြင်ကိုယ်ထည်နဲ့ လာမှာပါ။ ကြိုးမဲ့အားသွင်းစနစ်နဲ့ Transparent Case သုံးထားပြီး ဖုန်းအတွင်းထဲက အရာတွေကို အပြင်ကနေ မြင်စေချင်လို့ ခက်ခက်ခဲခဲ ဖန်တီးထားတာလို့ ဟောင်းဝပ်ဒ်က ဆိုပါတယ်။ ဖုန်းတစ်လုံးရဲ့ အတွင်းထဲမှာ ပစ္စည်းအစိတ်အပိုင်း ၄၀၀ ကျော် ပါတာ ဖြစ်လို့ အတွင်းပစ္စည်းတွေ အကုန်မြင်အောင် ဖန်တီးရတာ အတော်ပဲ လက်ဝင်နိုင်ပါတယ်။ 

Nothing တည်ထောင်သူ ကားလ်ပိုင်ဟာ လုပ်ငန်းစကတည်းက အများနဲ့ ကွဲပြားပြီး ကိုယ်ပိုင်ဟန်ပါတဲ့ ဒီဇိုင်းဗေဒကို သုံးဖို့ လုပ်ခဲ့တာပါ။ Nothing ရဲ့ ပထမဆုံးထုတ်ကုန် Ear (1) ဟာ အတွင်းဖောက်မြင်နိုင်မယ့် ဒီဇိုင်း သုံးခဲ့သလို Phone (1) မှာလည်း အလားတူဒီဇိုင်းမျိုးနဲ့ လာမှာပါ။ စမတ်ဖုန်းသုံးစွဲသူတွေ မတွေ့မြင်ဖူးတဲ့ ဖုန်းသုံးစွဲမှုခံစားချက်နဲ့ အတွေ့အကြုံသစ်တွေ ပေးဖို့ Nothing အနေနဲ့ လမ်းဖောက်လာပြီလို့ ဆိုရမှာပါ။ 

ကုမ္ပဏီ ဒီဇီုင်းအကြီးအကဲ ဖြစ်တဲ့ ဟောင်းဝပ်ဒ်ကတော့ Nothing Phone (1) ရဲ့ ဖရိမ်ကို Recycle လုပ်ပြီး ပြန်သန့်စင်ထားတဲ့ အလူမီနီယံနဲ့ ထုတ်လုပ်ထားတယ်လို့ ပြောပါတယ်။ AllRound-PC က လာတဲ့ သတင်းတစ်ပုဒ်အရ Nothing Phone (1) ကို လာမယ့်ဇူလိုင် ၂၁ ရက်နေ့မှာ ယူရို ၅၀၀ (rမြန်မာငွေ ၁၀ သိန်းကျော်) ဝန်းကျင်ဈေးနဲ့ ရောင်းချသွားဖို့ ရှိတယ်ဆိုပြီ ဖော်ပြထားပါတယ်။ ဒီဈေးနဲ့ဆို Nothing Phone (1) ဟာ အသစ်ထွက်ထားတဲ့ Qualcomm Snapdragon 7 Gen 1 Chipset နဲ့ ထွက်လာနိုင်ပါတယ်။ 


Nothing ဟာ Android ဖန်တီးသူ အန်ဒီရူဘင်ရဲ့ Essential အမှတ်တံဆိပ်နဲ့ မူပိုင်ခွင့်အားလုံးကို ဝယ်ထားတာ ဖြစ်လို့ Essential PH-1 ရဲ့ အငွေ့အသက်တွေကိုပါ Nothing Phone (1) မှာ မြင်ရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က