OnePlus co-founder ဟောင်း ကားလ်ပိုင်ရဲ့ Nothing ကုမ္ပဏီသစ်ကနေ ဒီနွေမှ မြင်ရမယ့် Nothing Phone-1 အကြောင်း မိတ်ဆက်ကြေညာသွားပါတယ်။
Nothing Phone-1 ဟာ အိပ်ပျော်နေတဲ့ စမတ်ဖုန်းလောကအတွက် လတ်ဆတ်တဲ့ လေပြေညင်းတစ်ချက်ဖြစ်မယ်လို့ ကားလ်ပိုင်က မတ်လ ၂၃ ရက်နေ့ ပွဲမှာ ပြောပါတယ်။ လန်ဒန်အခြေစိုက် Nothing နည်းပညာကုမ္ပဏီရဲ့ ဒုတိယမြောက်ထုတ်ကုန်ဖြစ်လာမယ့် Phone-1 သစ်ဟာ စမတ်ဖုန်းလောကသားတွေ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ထုတ်ကုန်သစ်ဖြစ်ပြီး ကားလ်ပိုင်ကိုယ်တိုင်ကတော့ ဒီဖုန်းဟာ Apple အစား ရွေးချယ်နိုင်တဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ထုတ်ကုန်ဖြစ်မယ်လို့ ပြောထားပါတယ်။
မတ်လ ၂၃ ရက်ပွဲမှာ ထုတ်ကုန်အကြောင်း အချက်အလက်နဲ့ ဒီဇိုင်းတွေ ပြောသွားတာ မရှိပေမယ့် ဒီဖုန်းမှာ သုံးမယ့် OS အကြောင်းတော့ ချပြသွားပါတယ်။ Custom UI အနေနဲ့ Android ကို အခြေခံထားတဲ့ NothingOS နဲ့လာမယ့် ဒီဖုန်းဟာ အန်းဒရိုက်ဖုန်းတွေထဲမှာ အချောမွေ့ဆုံးနဲ့ အမြန်ဆုံးဖြစ်ပြီး ဒီဇိုင်းပိုင်းမှာလည်း အများနဲ့ ကွဲပြားခြားနားတဲ့ သီးသန့်ဒီဇိုင်းမျိုး ထုတ်ထားတယ်လို့ ဆိုပါတယ်။
ဖုန်းအတွက် လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေအတွက် Quaclomm ၊ Samsung ၊ Sony နဲ့ Visionox စတဲ့ key supplier တွေနဲ့ ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။ ထိပ်တန်း Flagship ဖုန်းတစ်လုံးအဖြစ် မျှော်လင့်ထားပြီး လောလောဆယ် မိတ်ဆက်မှုမှာ ဒီဖုန်းရဲ့ UI ဒီဇိုင်းနဲ့ Widgets တွေပုံကို ချပြထားပါတယ်။ Nothing ရဲ့ တရားဝင် Twitter အကောင့်မှာ Nothing Phone 1 ကို နွေရာသီမှာ မိတ်ဆက်မှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ နောက်ဆုံးရအချက်အလက်တွေကို ကြည့်ရှုနိုင်မယ့် Site တစ်ခုလည်း မျှဝေထားပါတယ်။
လောလောဆယ်မှာတော့ Nothing.tech ဝက်ဘ်ဆိုက်မှာ ဖုန်းဒီဇိုင်းအသွင်အပြင်နဲ့ ဖုန်းရဲ့ တခြား Features တွေအကြောင်း Update ပြောမထားသေးပါဘူး။ NothingOS Launcher ကိုတော့ ဧပြီလထဲမှာ အန်းဒရိုက်ဖုန်းအမျိုးအစားတချို့မှာ ဒေါင်းလုပ်ဆွဲယူနိုင်အောင် ဖြန့်ချိသွားမှာ ဖြစ်ပြီး Bloatware တို့ တခြား Heavy ဖြစ်တဲ့ System Apps တို့မပါဘဲ ချောမွေ့သွက်လက်တဲ့ User Experience ရအောင် ထုတ်ထားတယ်လို့ ဆိုပါတယ်။
Interface အနေနဲ့ အမြင်ဆန်းတာက Dot Matrix အစက်ပုံ စာလုံးဖောင့် ၊ icons နဲ့ Widgets တွေ သုံးထားတာပဲ ဖြစ်ပါတယ်။ NothingOS အတွက် Major AndroidOS Update ၃ နှစ်နဲ့ Android Security Update ၄ နှစ် ပေးထားတယ်လို့ ဆိုပါတယ်။ အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရဆို Nothing Phone 1 မှာ Noti Lights အလင်းနဲ့ အတွင်းပစ္စည်း Components တွေကို ထွင်းဖောက်မြင်နိုင်မယ့် Transparent Body ဒီဇိုင်း သုံးမယ်လို့ ယူဆရပါတယ်။