အခွန်က သိန်း ၁၈၀၀ ဆောင်ခဲ့ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေတဲ့ကာလမှာ ဝင်ငွေ သိန်း ၂၄၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ အခွန်ကိုလည်း သိန်း၁၈၀၀ ဆောင်သွားမယ်လို့ ဆိုပါတယ်။

Photo: Now & Ever



လက်ရှိ အောင်မြင်မှုများစွာ ပိုင်ဆိုင်နေတဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဝင်ငွေကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပြလာပါတယ်။ ဒီဇာတ်ကားကတော့ အောက်တိုဘာလ ၃၁ ရက်နေ့က စပြီး ဒီဇင်ဘာလ ပထမပတ်အထိ ၅ ပတ်မြောက် ရုံတင်ပြသနေရတုန်းဖြစ်တဲ့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်။

“ အခု Now & Ever ရုပ်ရှင်ရဲ့လက်ရှိ ဝင်ငွေကို ကြေညာပေးချင်ပါတယ်။ ကျွန်မတို့ ရုပ်ရှင်က သိန်းပေါင်း ၂၄၀၀၀ ရပါတယ်။ တကယ်တော့ ဒါဟာ ကျွန်မတို့ သွားခဲ့သမျှ ၁၂ မြို့က ပရိသတ်တွေရဲ့ ပိုက်ဆံပါ။ ဒီ သိန်း ၂၄၀၀၀ ကတော့ central base productions က မရဘူးပေါ့နော်။ ကျွန်မတို့က သိန်း ၁၁၀၀၀ ရတယ်။ ရုံရှင်တွေကတော့ အပတ်တွေများသွားတဲ့အခါကျတော့ ပိုရတာပေါ့နော်။ ဒါပေမယ့်လည်း ပြသပေးတဲ့ ရုပ်ရှင်ရုံတိုင်းကို ကျေးဇူးတင်တယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂ရက်နေ့က Now & Ever Fan Meeting မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Now & Ever

ဒါရိုက်တာ ခရစ္စတီးနားခီဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေရဲ့ အောင်မြင်မှုအတွက် နိုင်ငံတော်ကို အခွန် သိန်း ၁၈၀၀ ဆောင်မယ်လို့လည်း သိရပါတယ်။

“မုဒြာခေါ်သံနဲ့ ဥပါယ်တံမျဉ် ဇာတ်ကားရိုက်ကူးပြီးတဲ့နောက်မှာ ပရိသတ် အားပေးမှုကြောင့် central base productions ကနေပြီးတော့ အခွန်တွေ အများကြီး ဆောင်လိုက်နိုင်ပါတယ်။ အခွန်ဆိုတာ ဖွံ့ဖြိုးပြီးသားနိုင်ငံမှာပဲဖြစ်ဖြစ်၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံမှာပဲဖြစ်ဖြစ် သိပ်ကိုအရေးပါတယ်။ အဲဒီအတွက် central base productions ကနေ သိန်း ၁၈၀၀ ကို အခွန်ဆောင်ဖို့ သဘောတူညီချက်လုပ်လိုက်တယ်” လို့ သူကဆိုပါတယ်။

Photo: Now & Ever

Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာ ခရစ္စတီးနားခီအတွက် တတိယမြောက် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ကားကြီးနဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးတို့ရဲ့ အောင်မြင်မှုကနေ ရရှိလာတဲ့ ငွေကြေးတွေကိုလည်း ပညာရေးထောက်ပံ့ငွေအဖြစ် အသုံးပြုခဲ့ကြတယ်လို့ ခရစ္စတီးနားခီက ပြောပါတယ်။

“ ကျွန်မတို့ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားက ရတဲ့ သိန်း ၁၁၀၀ ကျော်က Tag ထဲကို ဝင်သွားပါပြီ။ အားလုံးရဲ့ ကူညီမှုတွေက ဘယ်မှာအကျိုးထပ်ရှိလဲဆိုတော့ မုဒြာရဲ့ခေါ်သံ ၊ ဥပါယ်တံမျဉ် ၂ ကားရိုက်လိုက်တဲ့ အချိန်မှာ central base productions ကနေပြီးတော့ လူငယ် ၁၀ ယောက်ကို ပညာသင်ပေးခဲ့နိုင်တယ်။ ပြီးတော့ စားသောက်နေထိုင်ဖို့အတွက်လည်း အများကြီး တာဝန်ယူပေးနိုင်ခဲ့တယ်။ ဒါကလည်း ပရိသတ်ကပေးတဲ့ ဆုကြေးတစ်ခုလို့မြင်တယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။

Photo: Now & Ever

Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ central base productions က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ကတော့ ဇဏ်ခီနဲ့ ပိုင်ဖြိုးသု တို့က ပါဝင်သရုပ်ဆောင် ခဲ့တာပါ။ ဒါရိုက်တာ ခရစ္စတီးနားခီ အတွက်ကတော့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားနဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကား တို့အပြင် Now & Ever ရုပ်ရှင်ကားကြီးကလည်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က