အသင်းနည်းပြဟောင်း ဖာဂူဆန်နဲ့ ကစားသမားဟောင်းတွေကလည်း ဆိုးလ်ရှားအပေါ် ထောက်ခံအားပေးမှုတွေ ပြုလုပ်ခဲ့ကြလို့ ဂလေဇာမိသားစုကလည်း ဆိုးလ်ရှားကို မျက်နှာသာပေးဖို့အတွက် အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။
အိုလီဂန်နာဆိုးလ်ရှားဟာ ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြရာထူးအတွက် ပြိုင်ဘက်မရှိ ရပ်တည်နေခဲ့ပြီလို့ ဒီနေ့မှာ သတင်းဌာနာအများအပြားက ဖော်ပြခဲ့ကြပါတယ်။ မော်ရင်ဟိုရဲ့ နေရာမှာ အစားထိုးဝင်ရောက်ခဲ့ပြီးနောက် အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့အပြီးမှာ ဆိုးလ်ရှားအတွက် ပြိုင်ဘက်မရှိဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
ESPN ရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီးနောက်မှာ ယူနိုက်တက်က စပါးနည်းပြ ပိုချက်တီနိုကို ခန့်အပ်ဖို့လည်း စဉ်းစားခဲ့သလို ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကိုလည်း နည်းပြလောင်းစာရင်းထဲ ထည့်သွင်းထားခဲ့ပါတယ်။ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဆိုးလ်ရှား လက်ထက်မှာ အစောပိုင်းရလဒ်တွေ ကောင်းမွန်နေခဲ့ပေမယ့်လည်း ယူနိုက်တက်ဘက်က အမြဲတမ်းနည်းပြခန့်အပ်ဖို့ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့တာပါ။
ဒါပေမယ့်လည်း ခရစ္စတယ်ပဲလေ့အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဆိုးလ်ရှားဟာ အဝေးကွင်း (၈)ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ပထမဆုံး မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပြည်တွင်းပွဲတွေအားလုံးမှာလည်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ယူနိုက်တက်တာဝန်ရှိသူတွေက ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့အတွက် ထောက်ခံမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့ပေမယ့် ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝက်ဒ်က ဆိုးလ်ရှားအပေါ် အပြစ်မမြင်ပဲ သူ့ရဲ့ စွမ်းဆောင်ရည်တွေအပေါ်မှာ အသိအမှတ်ပြုခဲ့ပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့ကို ဆက်တိုက်ကျော်ဖြတ်ခဲ့ပြီးတော့ ယူနိုက်တက်ကို ကွာတားဖိုင်နယ်ရောက်ရှိအောင် ဆိုးလ်ရှားက ပို့ဆောင်ထားပြီးလည်း ဖြစ်ပါတယ်။