အီတလီသတင်းရပ်ဝန်းက ထွက်ပေါ်လာတဲ့ သတင်းကို Sportskeeda သတင်းဌာနက ပြန်လည်ဖော်ပြခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်သံများအပြီး အခုလို အသင်းပြောင်းမယ်လို့ အသံထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အေဂျက်ကိုရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ကြောင်း Sportskeeda သတင်းဌာနက ဖော်ပြပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်မှာနေပြီး နောက်ထပ် တစ်ရာသီ ထပ်မံကြိုးစားဖို့ ဆန္ဒမရှိတော့ပဲ အသင်းပြောင်းချင်နေတယ်လို့လည်း သိရပါတယ်။
ရော်နယ်ဒိုဟာ မနှစ်ကမှ ရီးရဲကနေ ဂျူဗင်တပ်ကို ယူရို သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂျူဗင်တပ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ရယူချင်နေသူလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုက အေဂျက်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ၂ ကျော့လုံးမှာ ဂျူဗင်တပ်အတွက် တစ်ဦးတည်းသော ဂိုးသွင်းနိုင်သူ ဖြစ်ခဲ့ပေမယ့် အသင်းကတော့ ပြိုင်ပွဲကန ရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။
ဂျူဗင်တပ်က ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရလို့ ပရိသတ်တွေက ဝေဖန်နေကြပြီး ရော်နယ်ဒိုကိုလည်း ဝေဖန်သံတွေ ထွက်ပေါ်လာပြီးနောက် ရော်နယ်ဒိုအသင်းက ထွက်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၄ နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး အမှန်တကယ် အသင်းပြောင်းဖြစ် မပြောင်းဖြစ်ကိုတော့ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။