လက်ရှိမှာတော့ ယူနိုက်တက်ဟာ အဆင့်ငါးနေရာမှာရှိနေပြီး အဆင့်လေးနေရာက ချယ်လ်ဆီးနဲ့ ၃ မှတ်ကွာဟနေပါတယ်။
လက်ကျန်ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်ဆိုပါက နည်းပြဆိုးလ်ရှားဟာ အပိုဆုကြေးပေါင်တစ်သန်းအထိရရှိမယ်လို့ အသင်းဘက်က ကတိပေးထားကြောင်းသိရပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ အဆင့်ငါးနေရာမှာရှိနေပြီး အဆင့်လေးနေရာက ချယ်လ်ဆီးနဲ့ ၃ မှတ်ကွာဟနေပါတယ်။
ရာသီအစောပိုင်းမှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုတွေရှိနေခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံးဘောလုံးရာသီအစနဲ့ ယူနိုက်တက်ဟာ ရင်ဆိုင်ခဲ့ရသလို ဆိုးလ်ရှားလည်း ဖိအားတွေအောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ယူနို်က်တက်ဟာ အဆင့်လေးနေရာကို မျှော်လင့်နေနိုင်ပြီဖြစ်ကာ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲမရှိစံချိန်တွေရရှိိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ဒီဇင်ဘာလအတွင်းမှာ ဆိုးလ်ရှားက မော်ရင်ဟိုနေရာအစားဝင်လာခဲ့ပြီး ယူနိုက်တက်က အဆင့် ၆ နေရာသာရရှိခဲပါတယ်။ ယာယီနည်းပြအဖြစ်တာဝန်ယူချိန်မှာ ဆိုးလ်ရှားက ရလဒ်ကောင်းတွေဆက်တိုက်ရရှိခဲ့လို့ အမြဲတမ်းနည်းပြအဖြစ် ၃ နှစ်စာချုပ်ချုပ်ဆိုခံခဲ့ရပြီး အဲဒီနောက်ပိုင်းမှာတော့ ရလဒ်တွေက ဆက်တိုက်ပြန်လည်ဆိုးဝါးခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ပွဲတွေပြန်လည်စတင်ချိန်မှာ စပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ရှက်ဖီးကို အိမ်ကွင်း၊ ဘရိုက်တန်ကို အဝေးကွင်းတို့မှာ ဆက်လက်ကစားရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် စပါး၊ ရှက်ဖီးတို့ကလည်း မျှော်လင့်ချက်ရှိနေတာကြောင့် ယူနိုက်တက်အတွက်တော့ ခက်ခဲတဲ့ပွဲစဉ်တွေဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။