လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ဆိုရင်တော့ ကြုံတွေ့လာနိုင်တဲ့ ပြဿနာတွေကို လက်ခံနိုင်ဖို့လိုတယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်ဖို့အတွက် အလားအလာကောင်းနေပြီး မန်စီးတီးအသင်းနဲ့အပြိုင်ဖြစ်နေပါတယ်။ လက်ရှိအနေအထားဟာ နှစ်သင်းစလုံးအမှားမခံနိုင်တဲ့အခြေအနေမှာရှိနေပြီး လက်ကျန်ပွဲစဉ်တွေမှာ ခြေမချော်ဖို့လိုနေပါတယ်။ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကတော့ ဒီလိုအခြေအနေမျိုးမှာ ပြဿနာတွေကြုံတွေ့လာနိုင်ပြီး လက်ခံနိုင်မှသာ ချန်ပီယံဆုကို မျှော်မှန်းနိုင်မယ်လို့ အသင်းသားတွေကို အကြံပြုပြောကြားခဲ့ပါတယ်။
“ဘောလုံးပွဲတိုင်းမှာ ပြဿနာတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ ကြုံတွေ့လာနိုင်တဲ့ ပြဿနာတွေကို ကျွန်တော်တို့ လက်ခံနိုင်ဖို့ကြိုးစားရမှာပါ။ ဒါကိုလက်ခံပြီး ဖိအားလို့မခံယူသင့်ပါဘူး။ ကျွန်တော်တို့ တဆင့်ချင်းကိုအကောင်းဆုံးလုပ်နိုင်ဖို့ပဲလိုတာပါ။”လို့ ယာဂင်ကလော့ပ်က Daily Mail ကိုပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ၂၉နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံပြန်ဖြစ်ဖို့အတွက် ပရိသတ်တွေရော ကစားသမားတွေပါ စိတ်လှုပ်ရှားနေကြတဲ့အတွက် ကလော့ပ်က အခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။
လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲတွေမှာ စပါး၊ ချယ်လ်ဆီးအစရှိတဲ့ ထိပ်သီးအသင်းတွေနဲ့ ပွဲကြပ်ကစားဖို့ကျန်ရှိနေသေးသလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း ပေါ်တိုအသင်းနဲ့ကစားဖို့ရှိနေပါသေးတယ်။ ယာဂင်ကလော့ပ်ကတော့ အမှတ်ပေးချန်ပီယံအတွက် အဓိကပြိုင်ဖက် မန်စီးတီးအသင်းအမှတ်လျော့ဖို့ကို အာရုံမစိုက်ထားပဲ ကိုယ့်အသင်းအခြေအနေကိုသာ အာရုံစိုက်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။