တိုက်စစ်မှူး ဆာလာက ဒီရာသီ ၁၇ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုး ရခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာ လီဗာပူးလ်အသင်းဟာ ဘုန်းမောက်ကို ၃-ဝဂိုးနဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီး အမှတ်ပေးချန်ပီယံဆုအတွက် အမှားအယွင်းမရှိဆက်လက်ချီတက်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အနေနဲ့ အန်ဖီးလ်မှာ ဘုန်းမောက်ကိုအနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် တစ်ပွဲပိုကစားပြီးအမှတ်ပေးဇယားထိပ်ကိုရောက်နေတဲ့ မန်စီးတီးကို ကျော်ဖြတ်ပြီး အဆင့်(၁)နေရာကို ပြန်လည်ရယူနိုင်မှာပါ။ ဒါကြောင့် တိုက်စစ်အသားပေးပုံစံ ၄-၃-၃ ကိုပဲ နည်းပြ ယာဂင်ကလော့ပ်က ဆက်သုံးခဲ့ပြီး တိုက်စစ်မှာလည်း မန်နီ၊ ဆာလာ၊ ဖာမီနိုတို့ကိုပွဲထုတ်ခဲ့ပါတယ်။



ဘုန်းမောက်အသင်းကတော့ ဒီပွဲမတိုင်ခင်မှာ လန်ဒန်အသင်းတွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ ချယ်လ်ဆီးအသင်းတွေကို နှစ်ပွဲဆက်အနိုင်ရထားလို့ စိတ်ဓာတ်ပိုင်းဆိုင်ရာအကောင်းဆုံးအနေအထားမှာရှိနေပေမယ့် ဒီနေ့ပွဲမှာတော့ လီဗာပူးလ်ကို လုံးဝယှဉ်မကစားနိုင်ခဲ့ပဲ ပွဲချိန်ပြည့်နီးပါး ခံစစ်ကိုသာအားပြုကစားခဲ့ရပါတယ်။

လီဗာပူးလ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၄မိနစ်မှာ မီလ်နာရဲ့ဖြတ်တင်ဘောကို တိုက်စစ်မှူး မန်နီက ဒိုင်ဗင်ထိုးခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အဖွင့်ဂိုးရပြီးနောက်ပိုင်းမှာလည်း လီဗာပူးလ်ပဲ ပွဲကိုစိုးမိုးထားပြီး ပွဲချိန် ၃၄မိနစ်မှာ ဝင်နယ်လ်ဒန်က ဂိုးသမားကို ကျော်ပြီး ဒုတိယဦးဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဘုန်းမောက်အသင်းဟာ လီဗာပူးလ်ကို ဂိုးကန်သွင်းခွင့်တစ်ကြိမ်သာရခဲ့ပြီး ခံစစ်သက်သက်ပဲ ကစားခဲ့ရတဲ့အထိ လီဗာပူးလ်ကစားပုံကကောင်းမွန်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ်ပဲပွဲကို ဆက်လက်လွှမ်းမိုးထားနိုင်ပြီး ဘုန်းမောက်ကို စိတ်တိုင်းကျကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၈မိနစ်မှာတော့ လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာက တတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပွဲချိန်တစ်လျှောက်လုံးဘုန်းမောက်ကို ဘောလုံးပိုင်ဆိုင်မှု ၇၀ရာခိုင်နှုန်းအထိရယူနိုင်ခဲ့ပြီး ခြေစွမ်းအသာနဲ့ ထိုက်ထိုက်တန်တန်အနိုင်ရယူနိုင်ခဲ့တာပါ။ ဒီရလဒ်ကြောင့် လီဗာပူးလ်ဟာ တနင်္ဂနွေပွဲစဉ်တွေမတိုင်ခင် အမှတ်ပေးဇယားအဆင့်(၁)နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး တစ်ပွဲပိုကစားထားတဲ့မန်စီးတီးကို သုံးမှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က