မွန်ဂိုလီးယားနဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့ရပြီး ဂျပန်နဲ့ပွဲမှာတော့ ပွဲထွက်ခွင့်ပင် မရခဲ့ပဲ ကျော်ဇင်ဖြိုးကို နည်းပြက ပွဲထွက်ခွင့်ပေးကာ အသင်းခေါင်းဆောင်အဖြစ် ဇော်မင်းထွန်းကို တာဝန်ယူ စေခဲ့တာပါ။
ကာဂျစ်နဲ့ ကစားမယ့် လက်ရွေးစင်အသင်းလူစာရင်းမှာ မပါဝင်လာတဲ့ အသင်းခေါင်းဆောင် ဂိုးသမားကျော်ဇင် ထက်က သူ့ကို နည်းပြ မကြိုက်ဘူးလို့ DuwunSportsကို ပြောပါတယ်။
“ကျွန်တော့်ကို နည်းပြက မကြိုက်ဘူးဗျ၊ဘာလို့လဲတောာ့မသိပါဘူး၊ဒါပေမယ့် ပြီးခဲ့တဲ့ မွန်ဂိုလီးယားနဲ့ပွဲတုန်းက ကျွန်တော့်ကို အသင်းကို အကောင်းဆုံး ဦးဆောင်ဖို့ပြောတယ်၊ဒါပေမယ့် ပွဲပြီးတော့ ဘာမှ မပြောတော့ဘူး။ အသင်းရှုံးပေမယ့်လည်း ကျွန်တော်လည်း တတ်နိုင်သလောက် အကောင်းဆုံး နောက်ခံလူတွေကို ပြောပါ တယ်။လူကပ်ပုံမှားပြီးပေးလိုက်ရတာ တစ်ခါတရံ ဖြစ်တတ်ပါတယ်။ဘာလို့လဲတော့ မသိပါဘူး။” လို့ ကျော်ဇင် ထက်က ပြောပါတယ်။
ကျော်ဇင်ထက်အနေနဲ့ နည်းပြ ရာဂျူလိုဗစ်လက်ထက်မှာ စင်ကာပူအသင်းနဲ့ ခြေစမ်းပွဲ တစ်ပွဲ မွန်ဂိုလီးယားနဲ့ ခြေစစ်ပွဲ တစ်ပွဲ ပါဝင်ကစားခဲ့ပြီး ပြီးခဲ့တဲ့ ဂျပန်နဲ့ပွဲမှာတော့ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
“ကျွန်တော် သူ့လက်ထက်မှာ ၂ ပွဲ ကစားထားပြီး ၂ ဂိုးပေးထားရပေမယ့် ဂိုးတွေက ကျွန်တော့်အမှားလည်း မဟုတ်ပါဘူး။ပြီးခဲ့တဲ့ ဂျပန်နဲ့ပွဲမှာလည်း ရုတ်တရက် အသင်းခေါင်းဆောင် ရာထူးဖြုတ်ပြီးLine – Upပါဖြုတ် လိုက်တယ်။ဒီနည်းပြက ကျွန်တော့်ကို မကြိုက်ဘူးထင်တယ်။” လို့ ကျော်ဇင်ထက်က ဆက်လက်ပြောပါတယ်။
ကျော်ဇင်ထက်က မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာ အဓိက အသင်း ခေါင်းဆောင်ဂိုးသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သလို့ လက်ရှိ မြန်မာပြည်ရဲ့ နံပါတစ် ဂိုးသမားလို့လည်း သတ်မှတ်ခြင်း ခံထားရသူပါ။
လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းကိုတော့ ပဏာမ ကစားသမား ၂၉ ဦးနဲ့ ဖွဲ့စည်းထားပြီး ဂိုးသမားတွေ အဖြစ် ကျော်ဇင်ဖြိုး၊ပြည့်ဖြိုးအောင်၊ပြည့်လျှံအောင်နဲ့ဆန်းဆက်နိုင်တို့ကို ရွေးချယ်ထားပါတယ်။