အိုလ်ဟမ်းအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေခဲ့တဲ့ ပေါလ်စခိုးဟာ အသင်းနဲ့အတူ ပွဲဦးထွက်ပွဲစဉ်မှာပဲ ဂိုးပြတ်နိုင်ပွဲကို ရရှိသွားခဲ့ပြီ ြဖ်စပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်းကမှ အိုလ်ဟမ်းအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ပေါလ်စခိုးဟာ ယိုဗီးလ်တောင်းအသင်းနဲ့ပွဲစဉ်မှာ (၄-၁) နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
အိုလ်ဟမ်းအသင်းအနေနဲ့ ပွဲချိန် (၄၅)၊ (၅၁)၊ (၈၈) နဲ့ (၈၉)မိနစ်တွေမှာ သွင်းဂိုးတွေ ရယူခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ကာ ပေါလ်စခိုးအတွက်လည်း နည်းပြဘ၀ အဖွင့်ပွဲက မျက်နှာပန်းလှခဲ့ပါတယ်။ အသက် (၄၄)နှစ်အရွယ် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ပေါလ်စခိုးဟာ နည်းပြမပြုလုပ်ခင်မှာ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် လပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုကို အမြဲတစေဝေဖန်လေ့ရှိခဲ့တဲ့ ပေါလ်စခိုးက အိုလ်ဟမ်းနည်းပြရာထူးကို လက်ခံပြီးချိန်မှာ သူ့အသင်းရဲ့ ပွဲရလဒ်နဲ့ ပွဲတွေကို မော်ရင်ဟို စောင့်ကြည့်နေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ မော်ရင်ဟို နဲ့ ပေါလ်စခိုးတို့ကြားမှာ အပြန်အလှန်တုံ့ပြန်မှုတွေ ရှိခဲ့ပြီး မော်ရင်ဟိုက ပေါလ်စခိုးကို သူ့အောင်မြင်မှုရဲ့ (၂၅)%ခန့်ပဲ အောင်မြင်အောင် ပြုလုပ်ဖို့ ပြန်လည်ခနဲ့ ခဲ့ဖူးပါတယ်။
"ကျွန်တော့်အသင်းရဲ့ ပွဲစဉ်ရလဒ်တွေကို သူ စောင့်ကြည့်နေမယ်လို့ ထင်ပါတယ်၊ ပွဲကစားပုံကိုပါ သူ ကြည့်နေမလားတော့ မပြောတတ်ပါဘူး၊ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်တာက ကစားသမားတွေ၊ နည်းပြတွေက သူတို့အပေါ် ဝေဖန်မှုတွေကို ဘာလို့များ အာရုံစိုက်နေကြလဲဆိုတာပါပဲ"
"လူတိုင်းက သူတို့ရဲ့ အမြင်ကို ပြောကြမှာပါပဲ၊ ဒီလိုပြောဖို့အတွက်လည်း သူတို့ဘက်က တန်ဖိုးတစ်ခုကို ပေးထားရတာပါ၊ တကယ်လို့ ကျွန်တော့်အပေါ်မှာ ဝေဖန်ကြမယ်ဆိုရင်လည်း ကျွန်တော့်အတွက် ဘာပြသနာမှ မရှိပါဘူး၊ ကျွန်တော်ပြန်ပြီးတော့ ဖြေကြားရှင်းလင်းရမယ့်သူက အသင်းပိုင်ရှင်တစ်ဦးတည်းပဲ ရှိတာပါ" လို့ အိုလ်ဟမ်းအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူအပြီးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပေါလ်စခိုးက ပြောကြားသွားခဲ့ပါတယ်။
အိုလ်ဟမ်းအသင်းကတော့ အင်္ဂလန်လိဂ် (၂)မှာ ကစားနေတဲ့ အသင်းဖြစ်ပြီး ညက ဂိုးပြတ်နိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၁၁)နေရာကို ရောက်ရှိသွားခဲ့ပြီး (၃၁)ပွဲ ကစားအပြီးမှာ ရမှတ် (၄၅)မှတ်အထိ ရရှိထားပြီးလည်း ဖြစ်ပါတယ်။