PSV ကွင်းလယ်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ဟာ ဟော်လန်လိဂ်ရွှေဖိနပ်ဆုကို သွင်းဂိုး ၁၉ ဂိုးနဲ့အတူ ပူးတွဲဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ သူဟာ အူးထရက်ချ်တိုက်စစ်မှူး ဒူဗီကတ်စ်နဲ့အတူ ပူးတွဲရရှိခဲ့တာဖြစ်ပြီး ဖန်တီးမှုအရေအတွက်မှာ သူက သာလွန်ခဲ့လို့ ထိပ်ဆုံးမှာ ရပ်တည်ခွင့်လည်း ရရှိခဲ့ပြီး အသက် ၂၀ နှစ်အရွယ်မှာပဲ ဟော်လန်လိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ အယ်လ်ခမာနဲ့ လိဂ်နောက်ဆုံးပွဲမှာ ပီအက်စ်ဗွီက ၁-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ဆိုင်မွန်စ်တဦးတည်းက ၂ ဂိုးသွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကို နာကျင်အချိန်ပို ၈ မိနစ်မှာ လှလှပပကန်သွင်းယူခဲ့တာပါ။ အဆိုပါသွင်းဂိုးက သူ့ကို ရွှေဖိနပ်ဆု ရရှိစေခဲ့ပြီး အသင်းက အမှတ်ပေးဖလားမရခဲ့ပေမယ့် ဆိုင်မွန်စ်အတွက်တော့ အောင်မြင်တဲ့ ဘောလုံးရာသီတခုကို ရယူနိုင်ခဲ့ပါတယ်။
သူဟာ ပီအက်စ်ဗွီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူခဲ့ပြီး ဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာ လူငယ်အသင်းခေါင်းဆောင်ဟောင်း ဖြစ်ခဲ့ဖူးပြီး ပီအက်စ်ဂျီကနေ ပီအက်စ်ဗွီကို ဒီရာသီမှာမှ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာ ဆုဖလား ၂လုံး၊ တဦးချင်းအောင်မြင်မှုတွေကို ဆိုင်မွန်စ်က ပိုင်ဆိုင်ခဲ့ပါတယ်။ ပိုပြီးထူးခြားတာကတော့ သူဟာ ကွင်းလယ်ပိုင်းကနေ တိုက်စစ်ကို ပြောင်းကစားချိန်မှာ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့တာပါ။
နစ္စတယ်ရွိုင်းက သူ့ကို တိုက်စစ်ကစားသမားတဦးအဖြစ် ပြောင်းလဲပေးခဲ့ပြီး ယုံယုံကြည်ကြည်နေရာပေးခဲ့ပါတယ်။ ဇာဗီဆိုင်မွန်စ်ကလည်း မယုံနိုင်လောက်အောင် ခြေစွမ်းပြခဲ့ပြီး ဟော်လန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတဲ့အထိ ဖြစ်လာခဲ့ကာ အခုဆိုရင် သူက ပီအက်စ်ဗွီရဲ့ အားအထားရဆုံး ကစားသမားတွေထဲက တဦးအဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ PSV ကတော့ ညကနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။