ယူနိုက်တက်မှာ အတူလက်တွဲခဲ့ဖူးကြသူတွေပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြသစ် မော်ရင်ဟိုဟာ အယ်လ်အေဂလက်ဆီအသင်းနဲ့ ယခုနှစ်ကုန်မှာ စာချုပ်သက်တမ်းပြည့်ပြီး ဥရောပကို ပြန်လာတော့မယ့် ဇလာတန်အီဘရာဟီမိုဗစ်ကို ခေါ်ယူချင်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်သွားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဂိုးသွင်းကောင်းတဲ့ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ နည်းပြမော်ရင်ဟိုနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးသူဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးနည်းပြ ပိုချက်တီနိုနေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရပြီးကတည်းက မော်ရင်ဟိုက အီဘရာဟီမိုဗစ်ကို ပြန်ခေါ်တော့မယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုက တော့တင်ဟမ်ဟော့စပါးအသင်းမှာ ထိပ်တန်းတိုက်စစ်မှူး ဟယ်ရီကိန်း ရှိနေပြီးသားဖြစ်တဲ့အတွက် အီဘရာဟီမိုဗစ်ကို စပါးအသင်းအတွက် ခေါ်ယူဖို့ဆိုတာ အဓိပ္ပာယ်မရှိတဲ့ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ အင်္ဂလန်ရဲ့ထိပ်တန်းတိုက်စစ်မှူးတွေထဲကတစ်ဦးရှိနေတယ်လို့ ပြောရပါလိမ့်မယ်”

“ဟယ်ရီကိန်းရှိနေတဲ့အသင်းကို ဇလာတန်က တိုက်စစ်မှူးအနေနဲ့ လာရောက်မယ်ဆိုတဲ့ရှုထောင့်ဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး”လို့ အိုလံပီယာကော့နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မကစားမီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး နည်းပြမော်ရင်ဟိုကို အိုးထရက်ဖို့ဒ်မှာ ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလား ရရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

Share

က္က