နောက်ဆုံးမိနစ် ပင်နယ်တီရရှိဖို့ ကြိုးစားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ အာဆင်နယ်တို့ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ပင်နယ်တီရရှိဖို့ အခွင့်အရေးရှိခဲ့ပါတယ်။​ဒါပေမယ့် ဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်က မျက်ကွယ်ပြုသွားခဲ့ပါတယ်။



တစ်ယောက်တည်း လွတ်ထွက်လာခဲ့တဲ့ ဆာကာ ဘိုင်ယန်မြူးနစ် ဂိုးသမား မန်နျူရယ်နူအာကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ခြေထောက်က နူအာနဲ့ထိသွားခဲ့ပြီး လဲကျသွားခဲ့တာကြောင့် အခွင့်အရေးကို အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။


နူအာဟာ ဆာကာနဲ့ ထိပ်တိုက်တွေ့ချိန်မှာ သူ့ရဲ့ လှုပ်ရှားမှုကို ရပ်တန့်လိုက်သလို ပုံစံမျိုး လုပ်ခဲ့ပေမယ့် ဆာကာရဲ့ ညာဘက်ခြေထောက်က နူအာကို ထိပြီး လဲကျသွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ ဆာကာအနေနဲ့ နူအာကိုသာ ဝင်တိုက်ပြီး ပင်နယ်တီယူဖို့ မကြိုးစားဘဲ ဂိုးပေါက်ကို ကန်သွင်းခဲ့မယ်ဆိုရင် အာဆင်နယ်တို့ အနိုင်ရနိုင်တယ်လို့လည်း ယူဆသူတွေရှိနေပါတယ်။

အာဆင်နယ်ကစားသမားတွေကတော့ ပွဲအပြီးမှာ ဒီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြပါတယ်။ ဒီပွဲကို ရုပ်သံဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဖာဒီနန်ကလည်း “ဒါက ရှင်းလင်းပြတ်သားတဲ့ ပင်နယ်တီပါ။ ကျွန်တော် ယုံတောင် မယုံနိုင်လို့ ကိုယ့်ခေါင်းပေါ် ကိုယ် လက်နဲ့တင်ထားမိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။



ပရိသတ်အများစုကတော့ ဆာကာတစ်ယောက် ပင်နယ်တီယူဖို့ မကြိုးစားခဲ့သင့်ဘူးလို့ ဝေဖန်နေကြပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်က ပင်နယ်တီလုံးဝမဟုတ်ဘူးလို့လည်း ယူဆနေကြပြီး ဆာကာက နူအာကို ကျော်ဖြတ်ပြီး ဂိုးသွင်းခွင့်ရတော့မယ့် အနေအထားမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပင်နယ်တီယူဖို့ ကြိုးစားခဲ့တယ်လို့လည်း အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။

Share

Loading Next Article...
က္က