တက္ကစီမောင်းသူတဦးဟာ ဘိုင်ယန်မြူးနစ်ဂိုးသမားနူအာ ကျပျောက်ခဲ့တဲ့ ယူရို ၈၀၀ နဲ့ ကတ် ၂ ကတ်ပါတဲ့ ပိုက်ဆံအိတ်ကို ပြန်ပေးဖို့အတွက် ကီလိုမီတာ ၁၂၀ အထိကို ခရီးနှင်ခဲ့ရပါတယ်။ မိုင်ပေါင်းအားဖြင့် ၇၅ မိုင်အထိ ရှိပြီး နာမည်ကျော်ဘောလုံးကြယ်ပွင့်တဦးရဲ့ ပစ္စည်းဖြစ်တာကြောင့် သူ့အတွက်တော့ ပွပေါက်တိုးပြီလို့ ကားသမားက ထင်မှတ်ခဲ့ပုံပါပဲ။
Sky Germany နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ တက္ကစီသမားက "တကယ့်ဟာသပဲဗျာ၊ ကျနော့်မှာ ကလေး ၄ ယောက်ရှိတယ်၊ ဒီဘောလုံးဂျာစီကြီးနဲ့ ကျနော်က ဘာလုပ်ရမှာလဲ" လို့ ဒေါသတကြီးနဲ့ ပြောဆိုခဲ့ပါတယ်။ အခုလိုမျိုး ပိုက်ဆံအိတ်ပြန်ပေးဖို့အတွက် သူဟာ ယူရို ၄၀၀ အထိ အကုန်အကျခံခဲ့ရတာဖြစ်ပြီး သူထင်မှတ်သလို ငွေကြေးတုံ့ပြန်မှုမျိုးမရဘဲ ဂျာစီတထည်သာ ရခဲ့လို့ ဒေါပွခဲ့တာလည်းဖြစ်ပါတယ်။
ဂျာမနီရဲ့ ဥပဒေတွေအရ ယူရို ၅၀၀ တန်ကြေးရှိတဲ့ ပစ္စည်းကို ကောက်ရပြီး ပြန်ပေးသူဟာ အဆိုပါပစ္စည်းတန်ဖိုးရဲ့ ၅% အထိကို ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါတန်ဖိုးထက်ပိုပြီးတော့ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေအတွက် နောက်ထပ် ၃% ခံစားခွင့်ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ၇၅ မိုင်အထိ ခရီးနှင်လာခဲ့တဲ့ ကားသမားကတော့ ဂျာစီတထည်နဲ့သာကျေနပ်ခဲ့ရပြီး ယူရို ၄၀၀ ကုန်သွားခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတော့တယ်။