မဟာဗျူဟာမြောက် လက်နက်သစ်တစ်မျိုးကို မြင့်တွေ့ရမယ်လို့လည်း ကင်မ်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နျူကလီးယားနဲ့ တိုက်ချင်းပစ်တာဝေးဒုံးကျည် စမ်းသပ်မှုများ ရပ်ဆိုင်းထားခြင်းကို အဆုံးသတ်တော့မှာဖြစ်ပြီး မကြာမီ မဟာဗျူဟာမြောက် လက်နက်သစ်တစ်မျိုးကို ထုတ်ဖော်ပြသသွားမယ်လို့ ကြေညာလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့ (ဇန်နဝါရီ ၁ ရက်) ဖော်ပြပါတယ်။

(Photo: KCNA/AFP)

သို့သော် ဆွေးနွေးညှိနှိုင်းမှုအတွက် တံခါးဖွင့်ထားကြောင်း၊ နျူးကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှု အတိုင်းအတာဟာ အမေရိကန်ရဲ့ သဘောထားအပေါ် မူတည်ကြောင်းလည်း ကင်မ်ဂျုံအန်က ပြောပါတယ်။ မြောက်ကိုရီးယားက ၎င်းရဲ့နျူကလီးယားအစီအစဥ်ကို အလုံးစုံ စွန့်လွှတ်ခြင်းမပြုမီအထိ အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းမပေးနိုင်ကြောင်း ငြင်းဆန်ခဲ့ရာမှ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။



မြောက်ကိုရီးယားဟာ ယခင်က အမေရိကန်တစ်နိုင်ငံလုံးကို ရောက်ရှိနိုင်တဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ နျူကလီးယားစမ်းသပ်မှု‌ခြောက်ကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာလည်း အမေရိကန်ကို ဖိအားပေးမှုအဖြစ် ယူဆရတဲ့ လက်နက်စမ်းသပ်မှုအချို့ကို မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ပါတယ်။

(Photo: Sky News)

မြောက်ကိုရီးယားက နျူကလီးယားနဲ့ အမေရိကန်သို့ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်တာဝေးဒုံးကျည် စမ်းသပ်မှုတွေကို ၂၀၁၇ ခုနှစ်မှစပြီး ရပ်ဆိုင်းထားခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ အရေးယူပိတ်ဆို့မှုတွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် မိမိတို့အနေနဲ့လည်း နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုတွေကို ရပ်ဆိုင်းထားတော့မှာ မဟုတ်ကြောင်း ယနေ့ပြုလုပ်ခဲ့တဲ့ အာဏာရပါတီ အစည်းအဝေးမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြောပါတယ်။

(Photo: Sky News)

"ဒီလို အခြေအနေမျိုးနဲ့တော့ ကျွန်တော်တို့အတွက် စမ်းသပ်မှုတွေ ရပ်ဆိုင်းထားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လုပ်စရာ မရှိပါဘူး၊ ပြီးတော့ မကြာခင်မှာ ကမ္ဘာက မဟာဗျူဟာမြောက် လက်နက်သစ်တစ်မျိုးကို မြင်တွေ့ရပါလိမ့်မယ်" လို့ ကင်မ်ဂျုံအန်က ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။ လက်နက်သစ်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ ကင်မ်ဂျုံအန်က ပြုံးယမ်းမြို့မှာ သုံးရက်ကြာ ပြုလုပ်ခ့တဲ့ အာဏာရပါတီခေါင်းတွေနဲ့ အစည်းအဝေးအတွင်း ထိုသို့ ကြေညာခဲ့တာဖြစ်ပါတယ်။

(Photo: KCNA)

ပါတီခေါင်းဆောင်တွေနဲ့ ယခုကဲ့သို့ နှစ်သစ်ကူးကာလ အစည်းအဝေးဟာ ပြုလုပ်နေကျမဟုတ်ဘဲ ထူးခြားခဲ့ကြောင်းလည်း သိရပါတယ်။ ပုံမှန်အားဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နှစ်သစ်ကူးမိန့်ခွန်းပြောလေ့ရှိပြီး ထိုမိန့်ခွန်းအတွင်း နိုင်ငံရဲ့ မူဝါဒတွေကို ကြေညာလေ့ရှိပေမဲ့ ယခုနှစ်သစ်မှာတော့ မိန့်ခွန်းပြောကြားဖွယ်မရှိဘူးလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။


Share

Loading Next Article...
က္က