ဘန်ဇီမာက ဟက်ထရစ်သွင်းကာ ခြေစွမ်းပြခဲ့ပါတယ်။

စပိန်ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်က အံ့ဖွယ်သရဲစွမ်းဆောင်ရည်ကို ပြသသွားခဲ့ပါပြီ။ ပထမအကျော့က အိမ်ကွင်းမှာပဲ ၁-၀ နဲ့ ရီးရဲလ်မက်ဒရစ်တို့ အရေးနိမ့်ခဲ့ကာ ဒီရာသီ ဘာကာနဲ့တွေ့တိုင်း ရလဒ်တွေလည်းဆိုးရွားနေခဲ့လို့ နူးကမ့်မှာ ကစားရမယ့် ဒုတိယအကျော့ကိုလည်း အသာရမှာမဟုတ်ဘူးလို့ အားလုံးက ထင်မှတ်ခဲ့ပေမယ့် ဘန်ဇီမာရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ 

နူးကမ့်မှာဆိုရင် ကစားကွက်ကတဆင့် ဂိုးတောင်မပေးရသလောက်ဖြစ်နေတဲ့ ဘာစီလိုနာကို ၄ ဂိုးအထိသွင်းယူပြခဲ့ပါတယ်။ တရာသီလုံးမှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့သမျှကို တကြိမ်တည်းနဲ့ အပြတ်အသတ်လက်စားချေပြီး အန်ဆယ်လော့တီက ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲဆီ သူ့အသင်းကို ပို့ဆောင်ပ​ေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ပထမပိုင်းပြီးခါနီးမှာ ဗင်နီရှပ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ ဘန်ဇီမာက ဟက်ထရစ်သွင်းခဲ့တာပါ။ ဗယ်လာဒိုလစ်နဲ့ပွဲမှာတုန်းကလည်း ဟက်ထရစ်ရခဲ့တဲ့ ဘန်ဇီမာက နှစ်ပွဲဆက်တိုက်ဟက်ထရစ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရာမာဒန်ဥပုသ်ကာလအတွင်းမှာပဲ အံ့အားသင့်ဖွယ်ခြေစွမ်းကို​ ပြသသွားခဲ့ပါတယ်။ ပြင်သစ်ဝါရင့်တိုက်စစ်မှူးက အရေးကြီးတဲ့အချိန်မှာ အသင်းအတွက် အကောင်းဆုံးပုံစံကို ရရှိခဲ့နေတာဆိုရင်လည်း မမှားပါဘူး။ 

ဘာစီလိုနာကတော့ အိမ်ကွင်းမှာ ချေပဂိုးတဂိုးတောင် ပြန်မရခဲ့ဘဲ အရေးနိမ့်ခဲ့ရပါတယ်။ နှစ်ကျော့ပေါင်းရလဒ် ၁-၄ နဲ့ ရီးရဲလ်တို့ ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး အိုဆာဆူနာနဲ့ ကစားရတော့မှာဖြစ်ပါတယ်။ စပိန်စူပါဖလားဗိုလ်လုပွဲ၊ လာလီဂါနဲ့ ကိုပါဒယ်ရေးပထမအကျော့ ရှုံးကြွေးတွေအားလုံးကို ရီးရဲလ်တို့ ပြန်ဆပ်နိုင်ခဲ့ပြီး ဘာကာနဲ့တွေ့တိုင်း ရလဒ်မကောင်းလို့ ဘုတ်အဖွဲ့ငြိုငြင်တာခံနေရတဲ့ အန်ဆယ်လော့တီလည်း မျက်နှာပန်းလှခဲ့ပြီဖြစ်ပါတယ်။ 

ဘာကာဟာ လာလီဂါဖလားကို ရယူနိုင်ဖို့ သေချာသလောက်ရှိနေပေမယ့် ကိုပါဒယ်ရေးဖလားကိုတော့ လက်လွှတ်လိုက်ရပါတယ်။ ချန်ပီယံလိဂ်ကွာတားပွဲနွှဲရဖို့ ရှိနေတဲ့ ရီးရဲလ်ကတော့ သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းတွေ ပြန်ရနေပြီဆိုတာကိုပါ ပြိုင်ဘက်ချယ်လ်ဆီးကို သတိပေးလိုက်သလိုပါပဲ။ 

Share

Loading Next Article...
က္က