ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကြီး ကီရင်မ်ဘန်ဇီမာကတော့ မနေ့ညက ကိုပါဒယ်ရေးဒုတိယအကျော့ဆီမီးဖိုင်နယ်ပွဲရဲ့ အယ်လ်ကလက်စီကိုပွဲမှာ ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ နူးကမ့်မှာ ဘာစီလိုနာကို ၄-၀နဲ့ အပြတ်အသတ်အနိုင်ရခပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၁ နဲ့ ရီးရဲလ်တို့ အနိုင်ရကာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး အိုဆာဆူနာနဲ့ ကစားသွားရတော့မှာဖြစ်ပါတယ်။
နူးကမ့်မှာ ဘန်ဇီမာက အခုလိုမျိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဟာ ၁၉၆၃ နောက်ပိုင်း ဒီလိုမျိုးစွမ်းဆောင်နိုင်တဲ့ ပထမဆုံးသော ရီးရဲလ်ကစားသမားဖြစ်လာခဲ့ပါတယ်။ နူးကမ့်မှာ ရီးရဲလ်ကစားသမားတွေ ဟက်ထရစ်မသွင်းယူနိုင်တာက နှစ်ပေါင်း ၆၀ အထိ ရှိနေခဲ့ပြီဖြစ်ပြီး အခုတော့ ဒီစံချိန်မှတ်တမ်းဆိုးကို ဘန်ဇီမာက ရိုက်ချိုးပစ်ခဲ့ကာ နူးကမ့်မှာ ရီးရဲလ်ကစားသမားတွေ ဒါမျိုးလုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုတောင် မလုပ်ပြနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကို ဘန်ဇီမာက လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ရာမာဒန်ဥပုသ်ကာလအျွှါင်းမှာပဲ ဟက်ထရစ်ရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်လို့ ပိုပြီး ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။ ဘာကာနဲ့ပွဲမတိုင်ခင် ကစားခဲ့တဲ့ ဗယ်လာဒိုလစ်နဲ့ လာလီဂါပွဲမှာလည်း သူက ဟက်ထရစ်ရခဲ့ပြီး ဥပုသ်ကာလအတွင်းမှာပဲ ၂ပွဲဆက်တိုက် ဟက်ထရစ်ရသွားခဲ့တာပါ။
ဘန်ဇီမာဟာ ဒီရာသီမှာ ရီးရဲလ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၅ ဂိုးအထိ ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီရာသီမှာ ဘာကာနဲ့တွေ့တိုင်း ရလဒ်တွေဆိုးရွားနေခဲ့တဲ့ ရီးရဲလ်တို့ ဘန်ဇီမာရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရှုံးကြွေးအားလုံးကို ပြန်ဆပ်နိုင်ခဲ့ပြီး ကိုပါဒယ်ရေးဆုဖလားကို ဆွတ်ခူးနိုင်ဖို့လည်း သေချာသလောက်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။
ရီးရဲလ်ဟာ လာမယ့်ပွဲအဖြစ် ဗီလာရီးရဲလ်နဲ့ လာလီဂါပွဲကစားရမှာဖြစ်ပြီး အဲဒီနောက်မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အိမ်ကွင်းမှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။